မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက နောက်ခံလူဟောင်း ဖာဒီနန်ကတော့ သူ့ရဲ့အသင်းဟောင်း မန်ယူအသင်းရဲ့ အဓိကပစ်မှတ် ကစားသမား ဖြစ်တဲ့ ဆန်ချိုဟာ မန်ယူအသင်းအတွက် သင့်တော်တဲ့ ကစားသမား တစ်ဦးဖြစ်တယ် လို့ ထောက်ခံသွားခဲ့ပါတယ်။ ဒါ့အပြင် ဆန်ချိုရဲ့ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိတဲ့ စိတ်ဓာတ် ကြောင့် မန်ယူအသင်းမှာ ပိုင်ရှင်မဲ့နေတဲ့ ဂန္တဝင် ကျောနံပါတ်ဖြစ်တဲ့ နံပါတ်၇နဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့လည်း 606 podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖာဒီနန်က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

အသက်၂၀အရွယ် အင်္ဂလန်လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ ၂၀၁၇ခုနှစ်မှာ မန်စီးတီး အသင်းကနေ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး ဒေါ့မွန်အသင်းကို ရောက်ရှိစဉ်ကတည်းက ပုံမှန်ပွဲထွက်ခွင့်ကို ရရှိလာခဲ့ကာ ဒေါ့မွန်အသင်းအတွက် ၉၁ပွဲ ပါဝင် ကစားပေးထားရာမှာ ၃၁ဂိုးအထိ သွင်းယူထားနိုင်သူပါ။ ဆန်ချိုဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေသူ ဖြစ်ပြီး ဒေါ့မွန်အသင်းဘက် ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကို အလိုရှိနေပြီး ကိုရိုနာဗိုင်းရပ် ကြောင့် ငွေရေးကြေးရေး အပိုင်းမှာ ခက်ခဲနိုင် တဲ့ အခြေအနေတွေကြောင့် မန်ယူအသင်း ဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ လက်တွန့်နေတယ်လို့ နောက်ဆုံးရ သတင်းတွေအရ သိရှိရပါတယ်။

Photo Credit: Express.com

ဒါပေမယ့် ဖာဒီနန်ကတော့ မန်ယူအသင်း အနေနဲ့ ဆန်ချိုကို ခေါ်ယူသွားလိမ့်မယ်လို့ ယုံကြည်နေပြီး ဆန်ချိုဟာ ကျောနံပါတ်၇နဲ့ သင့်တော်တဲ့သူလို့လည်း ချီးမွမ်းသွားခဲ့ပါတယ်။ 606 podcastနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆန်ချိုဟာ ကျောနံပါတ်၇နဲ့ ထိုက်တန်မလား ဆိုတဲ့ မေးခွန်း မေးခံခဲ့ရချိန်မှာတော့ ဖာဒီနန် က ” ဒါပေါ့။ သူက နံပါတ်၇နဲ့ လိုက်ဖက်တဲ့ ကစားသမားတစ်ဦးပါ။ သူက သူ့ကိုယ်သူ အထင်ကြီးတဲ့ ကစားသမားတစ်ဦးပါ။ ဒီလိုမျိုး ကစားသမား တစ်ဦးက မြက်ခင်းပြင်ပေါ်မှာ ကျောနံပါတ်၇နဲ့ အသင့်တော်ဆုံးပါပဲ။ ဒီတော့ ကျွန်တော်သာဆိုရင် သူ့ရဲ့ ပခုံးပေါ်ကို နံပါတ်၇ ရဲ့ ဖိအားတွေကို ပျော်ပျော်ကြီး ပစ်တင်ပေးမှာပါ ” လို့ ဆိုသွားခဲ့တာပါ။