ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန် ကတော့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ၂၀၁၇ခုနှစ်မှာ ရိုးမားအသင်း ကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာပြီးနောက် လီဗာပူးအသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေသလို ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Photo Credit: Team Talk

ဆာလာဟာ လီဗာပူး ကစားသမားဘဝမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၂၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး လီဗာပူးအသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဆုဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတို့ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လက်ရှိ ဘောလုံးရာသီမှာလည်း ဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ၇ပွဲ ကစားထားရာ ၆ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ခဲ့ကာ လီဗာပူး ၂-၂ မန်စီးတီးတို့ ပွဲစဉ်မှာလည်း ရင်သပ်ရှုမောဖွယ် ကောင်းမွန်တဲ့ ကမ္ဘာ့အဆင့် သွင်းဂိုး တဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ ဖာဒီနန်က ဆာလာဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာပါ။

ဖာဒီနန်က – “ဆာလာက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါ။ လီဗာပူးအသင်းရဲ့ ကစားသမား တယောက်ကို အခုလို ချီးကျူးရတဲ့ အတွက် ကျွန်တော့်ရင်ထဲတော့ မကောင်းပါဘူး။ သူ့ရဲ့ သွင်းဂိုးက ဖီဖာဂိမ်းထဲမှာ သွင်းယူတဲ့ သွင်းဂိုးနဲ့တောင် တူပါသေးတယ်။ ကျွန်တော်က အမြဲတမ်း အဲ့ဒီလို သွင်းဂိုးမျိုးကို ဖီဖာဂိမ်းထဲမှာ သွင်းယူလေ့ ရှိပါတယ်။ လှပတဲ့ အလိမ်အခေါက်တွေ ပြပြီးတော့ပေါ့။ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အောင်ပွဲတွေမှာ ဆာလာရဲ့ သွင်းဂိုးတွေက အဓိက ကျခဲ့ပါတယ်” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။