MySport Myanmar

အိုနာနာကို အသင်းကနေ ဖယ်ရှားနိုင်ခဲ့တဲ့ ယူနိုက်တက်ကို ဖာဒီနန် ချီးကျူး

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်နောက်ခံလူကြီး ရီယို ဖာဒီနန်က ဂိုးသမား အန်ဒရေ အိုနာနာကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်တာဟာ ယူနိုက်တက်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အနံ့ဆိုးတွေကို ဖယ်ရှားလိုက်တာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။

လက်ရှိအချိန် (စက်တင်ဘာ ၈ ရက်) မှာ ယူနိုက်တက်ဂိုးသမား အိုနာနာဟာ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီကို အငှားထွက်ခွာဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ “Rio Ferdinand Presents” အစီအစဉ်မှာ ဖာဒီနန်က အသက် (၂၉)နှစ်အရွယ် ဂိုးသမား အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ့်အပေါ် ဝမ်းသာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို အချိန်ကြာမြင့်စွာ လက်ခံထားခဲ့ပြီး အိုနာနာကလည်း အဲ့ဒီအထဲမှာ ပါဝင်တယ်လို့ သူက ဆိုပါတယ်။

Photo Credit : Football365

“ကလပ်ရဲ့ ဘောလုံးဆိုင်ရာလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ အိုမာ ဘာရာဒါက ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို အသင်းမှာ ဆက်ရှိနေခွင့်ပေးတော့မှာ မဟုတ်ဘူးဆိုတဲ့ မူကို ချမှတ်လိုက်ပြီလို့ ကျွန်တော်ထင်တယ်။ အရည်အသွေးမမီတဲ့သူတွေ၊ ခြေစွမ်းကောင်းမပြနိုင်တဲ့သူတွေ၊ ဒါမှမဟုတ် ကလပ်အတွက် လူမှန်နေရာမှန် မဖြစ်တဲ့သူတွေကို သူ လက်ခံတော့မှာ မဟုတ်ဘူး။”

“သူက အဲ့ဒီလိုကစားသမားတွေကို ‘အနံ့ဆိုး’ တွေလို အသင်းပတ်ဝန်းကျင်မှာ ဆက်ရှိနေခွင့်ပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကလပ်မှာ အဲ့ဒီလိုကိစ္စတွေ အကြာကြီးဖြစ်ခဲ့ပြီ။ ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေဆိုးတွေကြောင့် ကစားသမားတွေကို မဖြစ်မနေ ဆက်ထိန်းထားခဲ့ရပြီး သူတို့ကြောင့် အသင်းက ဒုက္ခရောက်ခဲ့ရတာတွေ ရှိပါတယ်။” လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

Photo Credit : Stretty News

ပြီးခဲ့တဲ့ရာသီက အမှားအယွင်းပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ အိုနာနာဟာ ဒီရာသီမှာ အယ်လ်တေး ဘာယင်ဒီယာရဲ့နောက် ဒုတိယဦးစားပေးဂိုးသမား ဖြစ်သွားခဲ့ပါတယ်။ အခု အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ် အန့်ဝပ်ကနေ ဂိုးသမား ဆန်နီ လမ်းမန်စ်ကို ခေါ်ယူလိုက်တာကြောင့် သူဟာ တတိယဦးစားပေးအဆင့်ကိုတောင် ရောက်ရှိသွားနိုင်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ကင်မရွန်းလက်ရွေးစင်ဂိုးသမားအတွက် ပုံမှန်ပွဲထွက်ခွင့်ပြန်လည်ရရှိပြီး ယိုင်နဲ့နေတဲ့ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ။အင်္ဂလန်အပြောင်းအရွှေ့ဈေးကွက် ပိတ်သွားပြီဖြစ်ပေမယ့် တူရကီအပြောင်းအရွှေ့ဈေးကွက်က စက်တင်ဘာလ (၁၂)ရက်နေ့မှ ပိတ်မှာဖြစ်တာကြောင့် အိုနာနာအတွက် အသင်းပြောင်းဖို့ အချိန်မီနေသေးတာ ဖြစ်ပါတယ်။ အင်တာမီလန်ဂိုးသမားဟောင်းဟာ ထရက်ဇွန်စပေါအသင်းအတွက် ဒီလနှောင်းပိုင်းမှာ ပွဲဦးထွက်ကစားခွင့် ရရှိနိုင်ဖွယ်ရှိနေပါတယ်။

Exit mobile version