ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၁ ယန်းဘွိုင်းပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ကို အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဗန်ပါစီနဲ့ နှိုင်းယှဉ်ကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယန်းဘွိုင်းတို့ ပွဲစဉ်မှာ နှစ်သင်းစလုံး အတွက် ဒီပွဲရဲ့ ရလဒ်ဟာ အရေးမပါတာကြောင့် ပွဲနဲ့ ပတ်သတ်ပြီး များများစားစား ပြောစရာ မရှိခဲ့ပဲ ဂရင်းဝုဒ်ရဲ့ လှပတဲ့ ဗော်လီကစ်ချက်ကသာ ပွဲရဲ့ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

Photo Credit: Metro

အသက် ၂၀ အရွယ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ်တိုက်စစ်မှူး ၅ဦးထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုး ၅ဂိုး သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ဂရင်းဝုဒ်ဟာ ဘယ်ခြေ ၊ ညာခြေ နှစ်မျိုးစလုံး အားသန်တဲ့ ရှားပါး ကစားသမား တဦး ဖြစ်တာကြောင့် ယန်းဘွိုင်းနဲ့ပွဲစဉ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ဗော်လီကန်ချက်နဲ့ လှပစွာ အဆုံးသတ်နိုင်ခဲ့ပြီး ဖာဒီနန် ကတော့ ဂရင်းဝုဒ်ဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ဗန်ပါစီလို အဆုံးသတ် ကောင်းမွန်ကာ နေရာလွတ်ကို ရှာဖွေနိုင်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro

ဖာဒီနန်က – “ အဖွင့်ဂိုး သွင်းယူနိုင်ဖို့ အတွက် မေဆန် ဂရင်းဝုဒ်ရဲ့ ရွေ့လျားပုံနဲ့ သူ့ရဲ့ အဆုံးသတ်က တကယ်ကို အံ့အားသင့်စရာ ကောင်းလှပါတယ်။ သူ့ရဲ့ ကစားပုံက ရော်ဘင် ဗန်ပါစီနဲ့ အတော်လေးကို ဆင်ပါတယ်။ နောက်ခံလူ တယောက်က သူ့ကို ထိန်းချုပ်ဖို့နဲ့ လူကပ် ကစားဖို့ အတော်လေး ခက်ခဲမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူက နေရာလွတ်တွေ ရှာဖွေတဲ့ နေရာမှာ တော်တဲ့ ကောင်လေး တယောက် ဖြစ်နေလို့ပါ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။