မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန် အသင်းကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နည်းပြအိုလီဂန်နာ ဆိုးလ်ရှား အပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေက အနည်းငယ် လျော့သွားပြီလို့ ဆိုရမှာ ဖြစ်ပြီးတော့ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က မန်ယူအသင်းနဲ့ ဘရူနို ဖာနန်ဒက် ကို ချီးကျုးသွားခဲ့ပါတယ်။ ပွဲကစားချိန် ၁၉ မိနစ် အရောက်မှာ ဘားနက်က အဲဗာတန် အသင်းအတွက် ဦးဆောင် ဂိုးသွင်းခဲ့ပေမယ့်လည်း ၂၅ မိနစ်နဲ့ ၃၂ မိနစ် အရောက်မှာ ဘရူနို ဖာနန်ဒက်က ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ အချိန်ပို မှာတော့ ကာဗာနီက အနိုင် သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Express

“ မန်ယူ အသင်းဟာ နည်းပြ အိုလီ ရဲ့ လက်အောက်မှာ ခြေစွမ်းပြကစားဖို့ လိုအပ်နေခဲ့ပြီးတော့ ဒီနေ့မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ သူတို့ အဲဗာတန်ကို ပွဲမစခင်တည်းက အနိုင်ရမယ်လို့ ကြုံးဝါး ထားကြတာပါ။ တကယ်တမ်း ပွဲကစားတဲ့ အချိန်မှာလည်း သူတို့ လက်တွေ့ကျကျ ကစားနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်ကလည်း နှစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးခဲ့တယ်။ ဒီကောင်လေးက အတော် ကောင်းနေတယ်။ ၃၃ ပွဲမှာ ဂိုး ၃၀ အထိ သူပါဝင် ပတ်သက်ခဲ့နိုင်တယ်။ သူက စွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားလို့ ကျွန်တော် ထင်တယ်။ မန်ယူအနေနဲ့ ဒီလို ကစားသမားမျိုးတွေ များများလိုအပ်ပါတယ် ”

Photo Credit: Express

“ ခေါင်းဆောင် အမျိုးမျိုး ရှိပါတယ်။ တစ်ချို့က အသင်းသားတွေကို အသံပါဝါကောင်းကောင်းနဲ့ အမိန့်ပေးပြီးတော့ နေရာမှန်မှန်ကစားစေတဲ့သူ၊ နောက်ထပ်က ဥပမာ စတီဗင်ဂျရတ်လို အသင်းကို အမိန့်ပေးတတ်ပြီးတော့ သူကိုယ်တိုင် ဦးဆောင် ကစားတတ်တဲ့ သူမျိုးပါ။ ကစားပွဲတစ်ခုမှာ ခေါင်းဆောင်အမျိုးမျိုးရှိကြပါတယ်။ ယူနိုက်တက်မှာတော့ ခေါင်းဆောင်‌ကောင်း လုံလုံလောက်လောက် ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဖာနန်ဒက်က ဂိုးတွေသွင်းပြီး အခွင့်အရေးတွေဖန်တီးကာ အသင်းကို ဦးဆောင် ကစားတတ်တဲ့သူမျိုးပါ ” လို့ ဆိုလိုက်ပါတယ်။