နာမည်ကျော် TNT Sports ရုပ်သံမှာ pundit အဖြစ် ဆောင်ရွှက်နေတဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က မန်ချက်စတာ စီးတီးအသင်း နော်တင်ဟမ် ဖောရက်စ်ကို (1-0) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးရဲ့ တိုက်စစ်ကစားသမား အာလင်း ဟာလန်းကို သရော်စွာ ထိုးနှက်ခဲ့ပါတယ်။
ဒီရလဒ်က ချန်ပီယံအသင်းအတွက် ဒီရာသီမှာ လိဂ်ရှုံးပွဲပေါင်း (၉)ကြိမ်မြောက်အထိ ရှိလာခဲ့တာဖြစ်ပြီး အခုလည်း ဖောရက်စ်နဲ့ (၄)မှတ်အကွာအထိ ကွာဟသွားခဲ့ပါတယ်။ တကယ်လို့ စီးတီးက နော်တင်ဟမ်ကို အနိုင်ရခဲ့မယ်ဆိုရင် ဂွါဒီယိုလာရဲ့ အသင်းက ဖောရက်စ်ကို ကျော်တက်ပြီး အဆင့်(၃) နေရာထိ ရောက်ရှိနိုင်မှာ ဖြစ်ပေမယ့် ရှုံးပွဲတွေ့လိုက်တာကြောင့် (၄)မှတ်ပါ ကွာသွားခဲ့ပါတယ်။
Photo Credit : Daily Mail
ပွဲဟာ ဂိုးမရှိ သရေနဲ့ အဆုံးသတ်သွားမယ့်ပုံ ပေါက်နေခဲ့ပေမယ့် ကယ်လမ် ဟတ်ဆန်-အိုဒွိုင်းက (၈၃)မိနစ်မှာ ဖောရက်စ်အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ ဖောရက်စ်ရဲ့ အနိုင်ဂိုးရှင် အိုဒွိုင်းဟာ ပွဲအပြီး အင်တာဗျူးမှာ ချန်ပီယံလိဂ် ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမှု ဘယ်လောက်ရှိသလဲလို့ မေးမြန်းခံခဲ့ရချိန် အိုဒွိုင်းက ဒီအကြောင်းကို သိပ်မထုတ်ဖော်ဘဲ ဖောရက်စ်အနေနဲ့ နှိမ့်ချမှုရှိနေဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ နှိမ့်ချနေဖို့ပဲ လိုတယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိပေမယ့် ရာသီပြီးဆုံးဖို့ ပွဲတွေ အများကြီး ကျန်သေးတယ်။ နှိမ့်ချနေဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးဖို့ အမှတ်တတ်နိုင်သမျှ အများကြီး ရယူဖို့ ကြိုးစားရမှာပါ။” လို့ အိုဒွိုင်းက ပြောဆိုခဲ့ရာ ဖာဒီနန်က ချက်ချင်း ထောက်ပြပြီး “ ‘နှိမ့်ချနေ’ တဲ့၊ ဒီရာသီ အစောပိုင်းမှာ တစ်ယောက်ယောက်က ဒီလို ပြောခဲ့ဖူးတယ် မဟုတ်လား” လို့ မေးခဲ့ပါတယ်။
Photo Credit : Daily Mail
ဒီစကားအပေါ် အိုဒွိုင်းရော အသင်းဖော် အိုင်နာပါ ပြုံးမရပ်နိုင်ခဲ့သလို TNT Sports က လင်းဆေး ဟစ်ဂရေ့ဗ်နဲ့ ဂျိုလီယွန် လက်စကော့တို့လည်း ဒီထိုးနှက်မှုကို ရယ်မောခဲ့ကြပါတယ်။ ဖာဒီနန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက စီးတီးနဲ့ အာဆင်နယ်တို့ အေမရိတ်စ်မှာ ၂-၂ နဲ့ သရေကျခဲ့တဲ့ ပွဲအပြီး ဟာလန်းရဲ့ အပြုအမှုတွေကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဂါဘရီယယ်လ်နဲ့ ဟာလန်းတို့ ဂိုးသွင်းခဲ့ပြီး နောက်ဆုံးမိနစ်မှာ ဂျွန် စတုန်းစ်က သရေဂိုး ပြန်သွင်းခဲ့ပြီးနောက် နှစ်ဦး ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ စတုန်းစ်ရဲ့ ချေပဂိုးအပြီး ဟာလန်းက ဘောလုံးကို ဂါဘရီယယ်လ်ရဲ့ ခေါင်းကို ပစ်ပေါက်ခဲ့သလို ပွဲအပြီးမှာပါ အာဆင်နယ်နည်းပြ အာတီတာကို “နှိမ့်ချနေ” ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီကတည်းက ပြိုင်ဘက်အသင်းတွေက ဒီရာသီမှာ ဟာလန်း ဒါမှမဟုတ် စီးတီး အခက်အခဲကြုံတိုင်း “နှိမ့်ချနေ” ဆိုတဲ့ စကားကို အခွင့်ရတိုင်း ထည့်ပြီး လှောင်ပြောင်လာခဲ့ကြပါတယ်။ ဒီစကားဟာ ဘောလုံးလောကထဲမှာ ဟာသတစ်ခုလိုပါ ဖြစ်လာခဲ့ပါတယ်။