ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ရီယို ဖာဒီနန်ကတော့ လတ်တလောမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင် ထားတဲ့ အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ အသင်းမှာ ဆက်ထိန်းသင့်ကြောင်းနဲ့ ပေါ့ဘာကို ဆက်လက် ထိန်းသိမ်းချင်ရင် ယခုနှစ်မှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ လိုအပ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ အဓိက နောက်ခံလူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး အကယ်၍ ယခုနှစ် ဘောလုံးရာသီ အကုန် အထိသာ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ကျိန်းသေပေါက် ရောင်းထုတ်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို စာချုပ်သက်တမ်း တိုးဖို့ အတွက် ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးချိန် ကတည်းက စတင် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပဲ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာ ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာ ပေါ့ဘာရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း အတိအလင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရိုင်းအိုလာရဲ့ စကားတွေကြောင့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ အနှေးနဲ့ အမြန် ထွက်ခွာလိမ့်မယ် လို့ ထင်ကြေးပေးမှုတွေ ရှိနေပေမယ့် ဖာဒီနန်ကတော့ ပေါ့ဘာကို အသင်းမှာသာ ဆက်ပြီး ရှိစေချင်နေကာ မန်ချက်စတာ ယူနိုက်တက် အသင်းသာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့ရင် ပေါ့ဘာဟာ အသင်းမှာ ဆက်နေလိမ့်မယ် လို့ အပြည့်အဝ ယုံကြည်နေပါတယ်။ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ယူနိုက်တက်ဘက်က ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဖာဒီနန်က အခုလိုပဲ ပြောကြား သွားပါတယ်။

Photo Credit: Express

ဖာဒီနန်က “ကျွန်တော် ပေါ့ဘာနဲ့ စကားပြောဖြစ်တိုင်း သူက ပုံမှန် ပွဲကစားခွင့်ရလို့ ပျော်ရွှင်နေတဲ့ အကြောင်းကိုပဲ ပြောပါတယ်။ တကယ်လို့ သူကသာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ရပြီး သူ့ရဲ့ အသင်းက အနိုင်ရခဲ့ရင် သူဟာ အပျော်ရွှင်ဆုံး လူသား ဖြစ်နေတတ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ သူ့အတွက် ပျော်စရာကောင်းတဲ့ နေရာတစ်ခုပါပဲ။ တကယ်လို့ သူတို့ကသာ လိဂ်ချန်ပီယံ ဖြစ်လာရင် ပေါ့ဘာအနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ပြီး အခြားအသင်း တစ်သင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”

“ဒါက အတော်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်လာမှာပါ။ အဲ့ဒီအတိုင်းသာ ဖြစ်လာရင် သူ့အတွက် အသင်းကနေ ထွက်ခွာဖို့ဟာ ခက်ခဲမှာ ဖြစ်သလို သူ့အတွက် စာချုပ်သစ်ကလည်း အဆင်သင့် စောင့်ဆိုင်း နေပါလိမ့်မယ်။ သူက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိချင်နေတဲ့ လူတစ်ဦးပါ”