ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဖာဒီနန် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဒေါ့မွန်အသင်းနဲ့အတူ တောက်ပနေတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို အမိအရ ခေါ်ယူနိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်း အကြံပေးလိုက်ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ကွင်းလယ် နေရာအစုံမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှု ၊ အင်တိုက်အားတိုက် ကစားနိုင်မှု ၊ ဂိုးဖန်တီးနိုင်စွမ်း ရှိသလို အချိန်မရွေး ဂိုးသွင်းယူနိုင်မှု စတဲ့ အချက်တွေကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းကြီး များစွာ ရှိနေပါတယ်။

Photo Credit: Metro

ဘယ်လင်ဟမ်ဟာ အသက် ၁၇နှစ် အရွယ်ထဲက ဥရောပ အသင်းကြီး အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက အဆိုပါ အသင်းတွေထဲမှာ ပါဝင်ခဲ့သလို ဘယ်လင်ဟမ် တယောက် ဘာမင်ဂမ်အသင်း ကနေ ဒေါ့မွန်အသင်းဆီ မပြောင်းရွှေ့မီ သူ့ကို ခေါ်ယူဖို့အတွက်လည်း ကြိုးစားခဲ့ဖူးပါတယ်။

ဒါပေမယ့် ဘယ်လင်ဟမ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို ငြင်းဆန်ကာ သူ့ရဲ့ ကစားသမား ဘဝ အတွက် ပွဲထွက်ခွင့် ပိုမို သေချာတဲ့ ဒေါ့မွန်အသင်းကိုသာ ရွေးချယ်ခဲ့ပြီး ယခုအချိန်မှာတော့ သူ့ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့သလို ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် အနာဂတ်မှာ တောက်ပလာမယ့် လူငယ်ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Metro

လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန် ကတော့ ဘယ်လင်ဟမ်ဟာ အသင်းတသင်းရဲ့ တိုက်စစ်ပိုင်းကိုရော ခံစစ်ပိုင်းကိုပါ ကူညီနိုင်စွမ်း ရှိကာ ယခုအချိန်မှာ သူ့လို ကစားနိုင်တဲ့သူ မရှိသလောက် နည်းနေတာကြောင့် သူ့ရဲ့ အသင်းဟောင်းဟာ ဘယ်လင်ဟမ်ကို ဘယ်လောက်ကုန်ကုန် ဝယ်ယူသင့်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဖာဒီနန်က – “ဘယ်လင်ဟမ်က ကွင်းလယ် နေရာစုံမှာ ကစားနိုင်စွမ်း ရှိပါတယ်။ အင်္ဂလန်လူငယ်အသင်း အတွက် သူ ကစားပေးခဲ့တုန်းက ဗဟိုကွင်းလယ်နေရာ ၊ နံပါတ်၈နေရာ ၊ Box to Box စတဲ့ ပုံစံအစုံမှာ ကစားခဲ့ဖူးပါတယ်။ Box to Box ကစားတုန်းကဆိုရင် တိုက်စစ်လိုက်ပါခွင့် ပိုပြီး ရတတ်လို့ သူ့ရဲ့ ကစားပုံက ပိုကောင်းလာပါတယ်။ သူက ကွင်းလယ်နေရာ အစုံမှာ ကစားနိုင်စွမ်း ရှိသလို ကစားဖို့ လိုအပ်တဲ့ အရည်အသွေးတွေ အားလုံးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခုချိန်မှာ သူ့လိုမျိုး ကွင်းလယ်နေရာ အစုံမှာ ဆော့တတ်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကိုရော ခံစစ်ပိုင်းကိုပါ ကူနိုင်တဲ့ ကစားသမားမျိုး မရှိသလောက် ရှားနေပါပြီ။ ဒီတော့ သူ့ကို ခေါ်ဖို့သာ ပိုက်ဆံတတ်နိုင်ရင် (မန်ချက်စတာ ယူနိုက်တက် အနေနဲ့) လုံးဝကို လက်မလွှတ်သင့်ပါဘူး” လို့ တိုက်တွန်း အကြံပေးခဲ့တာပါ။