ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို မလိုချင်တော့ရင် အသင်းကနေ ထွက်ခွာခွင့် ပေးသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အသက်အရွယ်ကြောင့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Express

ရိုနယ်ဒိုက ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကလည်း ခြေစွမ်းကျလာတဲ့ ရိုနယ်ဒိုကို အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် မသတ်မှတ်ထားပဲ နောက်ဆုံး ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ဆိုရင်လည်း ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် အသုံးမပြုခဲ့ပါဘူး။

ရိုနယ်ဒိုကလည်း စပါးနဲ့ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် မကစားခဲ့ရတာကြောင့် တန်ဟက်ဂ်ကို ဆန္ဒပြတဲ့အနေနဲ့ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားဖို့ ငြင်းဆန်ခဲ့သလို ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်သွားခဲ့ပါတယ်။ အဆိုပါ လုပ်ရပ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့နဲ့ တန်ဟက်ဂ်က ရိုနယ်ဒိုကို ချယ်လ်ဆီးနဲ့ ကစားရမယ့် ပွဲစဉ်အတွက် အသင်းရဲ့ လူစာရင်း ကနေ ထုတ်ပယ်ခဲ့သလို အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းခွင့်လည်း ပိတ်ကာ အပြစ်ပေးခဲ့ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ စပါးနဲ့ပွဲက လုပ်ရပ်ကြောင့် ရိုနယ်ဒိုအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပြီး ရိုနယ်ဒိုရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ တန်ဟက်ဂ်တို့ဟာ ရိုနယ်ဒိုကို ပွဲထွက် ကစားသမား အဖြစ် မသုံးချင်တော့ရင် အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်သင့်ကြောင်း တောင်းဆိုလိုက်ပါတယ်။

ဖာဒီနန်က – “တကယ်လို့ တန်ဟက်ဂ်ကသာ ရိုနယ်ဒိုကို ပွဲထွက် ကစားသမားလို့ မမြင်တော့ဘူး ဆိုရင် သူနဲ့ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်သင့်ပါတယ်။ ဒါက နှစ်ဖက်စလုံး အတွက် အကောင်းဆုံး ဖြေရှင်းနည်းပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။