ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အသင်းပြောင်းခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ယခု နွေဈေးကွက် အတွင်းမှာ မရောင်းချနိုင်ဘူးလို့ ပရိသတ်တွေ သိအောင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ၂ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Football 365

ဒါပေမယ့် ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း ရိုနယ်ဒိုအတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါပြီ။

လက်ရှိ နွေဈေးကွက် အတွင်းမှာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များများစားစား ရှိမနေပဲ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးနဲ့ ရိုနယ်ဒိုရဲ့ အသင်းဟောင်း စပို့တင်း လစ္စဘွန်းတို့ကသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးထံ ရိုနယ်ဒိုကို ရောင်းချလိုခြင်း မရှိတာကြောင့် ရိုနယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်ရင် စပို့တင်း လစ္စဘွန်းဆီသာ ပြောင်းရွှေ့ရမယ့် အခြေအနေ တရပ်မှာ ရှိနေပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို ရိုနယ်ဒိုနဲ့လည်း အချိန်အတော်ကြာ တွဲဖက် ကစားခဲ့ဖူးတဲ့ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အစားထိုး တိုက်စစ်မှူး ရှာဖို့ မလွယ်တော့တဲ့ ယခုလို အချိန်မှာ ရိုနယ်ဒိုကို မရောင်းထုတ်နိုင်ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်မှသာ ရိုနယ်ဒိုရဲ့ အသင်းပြောင်းချင်တဲ့ စိတ်ကူးဟာ အကောင်အထည် ပေါ်လာနိုင်ကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ဖာဒီနန်က – “ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒိုကို ရောင်းထုတ်မယ်လို့ မထင်ပါဘူး။ ဘာကြောင့် ဒီလိုမျိုး ပြောနိုင်ရသလဲ ဆိုရင် ခင်ဗျားတို့တွေ အခြေအနေ တခုလုံးကို ခြုံကြည့်လိုက်ရင် သိပါလိမ့်မယ်။ အခု ဈေးကွက်ထဲကို ကြည့်လိုက်။ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို လက်လွှတ်လိုက်ရရင် အစားထိုးစရာ တိုက်စစ်မှူးက ဟာလန်းနဲ့ နူနက်ဇ် နှစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အခု သူတို့နှစ်ယောက်လုံးက တခြားအသင်းတွေဆီ ရောက်သွားပါပြီ။ အခုချိန်မှာ သူတို့အတွက် ရွေးချယ်စရာက လီဝမ်ဒေါစကီး တယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လီဝမ်ဒေါစကီးကလည်း ဘာစီလိုနာဆီပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့သူပါ။ မန်ချက်စတာ ယူနိုက်တက်က လီဝမ်ဒေါစကီးကို ရမှပဲ ရိုနယ်ဒိုကို ရောင်းထုတ်ဖို့ စဉ်းစားပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ တနှစ်ကို အသင်းအတွက် ဂိုး ၂၀ ၊ ၃၀လောက် သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး အစားမရပဲနဲ့ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို လက်လွှတ်လို့ မရလို့ပါပဲ” လို့ ဆိုသွားခဲ့တာပါ။