ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့အသင်းဟောင်း အနေနဲ့ ဘန်လေကို သရေကျပြီးနောက် ဒီရာသီမှာ ဖလားရဖို့ စိတ်ကူးယဉ်နေတာကို ရပ်တန့်သင့်ပြီလို့ သတိပေးလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့နောက် ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ့် အဆင့်၄အတွင်း ဝင်ရောက်ဖို့ကိုတောင် ရုန်းကန်နေရပါတယ်။

Photo Credit: The Mirror

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အဆင့်၂၀နေရာက ဘန်လေကို အဝေးကွင်းမှာ အနိုင်မယူနိုင်ခဲ့ပဲ ၁-၁ ဆိုတဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရီယို ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ မဖြစ်နိုင်တော့တဲ့ ဖလားရချင်တဲ့စိတ်ကို ဖျောက်ဖျက်ပြီး လက်တွေ့ကျတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ အရယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: The Mirror

ဖာဒီနန်က – “မန်ချက်စတာ ယူနိုက်တက် လက်ရှိ ကြုံနေရတဲ့ ပြဿနာက သူတို့ ဝယ်လိုက်တဲ့ ကစားသမားတွေဆီ ကနေ သင့်တော်တဲ့ အကျင့်စရိုက်မျိုး ၊ ခြေစွမ်းမျိုး မရတာပါပဲ။ နည်းပြအပြောင်းအလဲ ဖြစ်လိုက်ပြီ ဆိုတာနဲ့ ကစားသမားတွေရဲ့ ခြေစွမ်းတွေကလည်း ပြောင်းလဲသွားကြပါတယ်။ အခုချိန်မှာ သူတို့ လိုအပ်နေတာက စုစည်းဖို့ပါပဲ။ အခုဆိုရင် ရာသီကုန်ဖို့ ၅လ လိုအပ်နေသေးပြီး သူတို့တွေ အဆင့်၄ထဲကို ဝင်ရောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်ပဲ ဆုဖလားတွေ ရယူချင်တဲ့ စိတ်ကို ဖျောက်ပြီး အဆင့်၄အတွင်း ဝင်ရောက်နိုင်အောင် အဓိက ပစ်မှတ်ထား ကြိုးပမ်းရပါမယ်” လို့ ပြောကြားခဲ့တာပါ။