ယနေ့မနက် ၁နာရီခွဲအချိန်မှာ ကစားခဲ့တဲ့ အင်္ဂလန် ကလပ် မန်စီးတီးအသင်းနဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ လိုင်ယွန်အသင်းဟာ မန်စီးတီးအသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံရတော့မှာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့ တွေ့ဆုံကြတဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းကသာ အသာစီး ရရှိသွားလိမ့်မယ်လို့ ဘောလုံးသုံးသပ်သူ အများစုက သုံးသပ်ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ လိုင်ယွန်အသင်းဟာ ကျစ်လျစ်တဲ့ ခံစစ်ကစားဟန်ကို ပြသသွားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ သွင်းဂိုးတချို့နဲ့အတူ မန်စီးတီးအသင်းကို အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာပါ။

Photo Credit: Mirror

လိုင်ယွန်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဘယ်တောင်ပံနေရာမှာ ကစားခဲ့တဲ့ ကော့ပ်နပ်က တစ်ဂိုးနဲ့ အထောင်တိုက်စစ်မှူး ဒမ်ဘီလီက နှစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပြီး မန်စီးတီးအသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ကွင်းလယ်လူ ဒီဘရိုင်းက သွင်းယူပေးခဲ့တာပါ။ လိုင်ယွန်အသင်းဟာ မန်စီးတီးအသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ VARရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ပြောစရာ ဖြစ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက် ကတော့ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ရပ်လို့ ဆိုရမယ့် လိုင်ယွန်အသင်းရဲ့ ဒုတိယဦးဆောင်ဂိုးပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

လိုင်ယွန်အသင်းရဲ့ ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူဟာ တိုက်စစ်မှူး ဒမ်ဘီလီ ဖြစ်ပြီး ဒမ်ဘီလီဟာ အဆိုပါ သွင်းဂိုးကို မသွင်းယူမီမှာ မန်စီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ်တေး ကို ဆွဲလှဲချခဲ့ကာ အဆိုပါ အပြုအမူဟာ သွင်းဂိုး ခွင့်ပြုပေးလို့ မရတဲ့ အပြုအမူတွေထဲက တစ်ခုလို့ ဘောလုံးသုံးသပ်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် VAR ကတော့ ဒမ်ဘီလီရဲ့ အဆိုပါ ပြစ်ဒဏ်ကျူးလွန်မှုကို လျစ်လျူရှုခဲ့ပြီး လိုင်ယွန်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ကာ အဆိုပါသွင်းဂိုးကြောင့်ပဲ လိုင်ယွန်အသင်းဟာ မန်စီးတီးအသင်းကို အသာစီး ရရှိသွားခဲ့တာပါ။

Photo Credit: Mirror

VARရဲ့ အဆိုပါ ဆုံးဖြတ်ချက်ကိုတော့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အင်္ဂလန်နဲ့ မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း ဖာဒီနန်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပြီး မန်စီးတီးအသင်းဟာ VARရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရတယ်လို့လည်း ဆိုသွားပါတယ်။ ဖာဒီနန်က ” တကယ်လို့ ကျွန်တော်သာ ကွင်းထဲမှာ ရှိနေရင် ဒါဟာ ပြစ်ဒဏ်ကျူးလွန်မှု တစ်ခုလို့ တွေးနေမိမှာပါ။ တကယ်လည်း အဲ့ဒါဟာ ပြစ်ဒဏ်ကျူးလွန်မှုတစ်ခုပါပဲ။ မန်စီးတီးအသင်းဟာ အဲ့ဒီအဖြစ်အပျက်မှာ အနိုင်ကျင့်ခံခဲ့ရပါတယ်။ ၁၀၀ရာခိုင်နှုန်း ထိခိုက်မှု ရှိပါတယ်။(ဒမ်ဘီလီက လာပေါ်တေးကို ချိတ်လှဲခဲ့တာအား ရည်ရွယ်လျက်)ဘာဖြစ်လို့ သူတို့ဟာ ဒီကိစ္စကို ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ပေးလဲဆိုတာကို ကျွန်တော် နားမလည်နိုင်ပါဘူး ” လို့ ဆိုသွားခဲ့တာပါ။