ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ယနေ့မနက် အစောပိုင်းမှာ စပိန် အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်မှာ အားနည်းချက်တွေ များပြားနေကြောင်း ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း အက်သလက်တီကို မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကို မက်ဒရစ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေကို မရရှိခဲ့ပဲ တဦးချင်း အမှားတွေ များပြားခဲ့တာကြောင့် ဘယ်နောက်ခံလူ လိုဒီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အက်သလက်တီကို မက်ဒရစ်ကို အရှုံးပေးခဲ့ရတာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် တခုထဲသော ဆုဖလား မျှော်လင့်ချက် ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပြီးနောက် ၅နှစ်ဆက်တိုက် ဆုဖလားလက်မဲ့ရာသီကို ဖြတ်သန်းရဖို့ သေချာသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ခံလူဟောင်း ဖာဒီနန်ကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ အဖြစ် တင်စားခံထားရတဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့ ရောက်လာရင်တောင် သူ့ရဲ့ အသင်းဟောင်းက ဆုဖလားတွေ ရဖို့ မသေချာဘူးလို့ ထုတ်ဖော် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Standard

ဖာဒီနန်က – “ဒီရှုံးပွဲက အသင်းမှာ ဘယ်လို အဆင့်မီ ကစားသမားတွေပဲ ရှိရှိ ၊ ကစားသမားတွေ အားလုံးကို ပေါင်းစပ်ပေးမယ့် နည်းပြတယောက် လိုတယ် ဆိုတာကို သက်သေပြလိုက်တဲ့ ပွဲတပွဲပါပဲ။ အသင်းတသင်းက ထိပ်တန်းအဆင့်ကို ရောက်လာချင်ရင် ကစားသမားတွေကို စနစ်တကျ ပေါင်းစပ် ပေးနိုင်မယ့် နည်းပြတဦး ရှိကို ရှိရပါမယ်။ တကယ်လို့ အခုချိန်မှာသာ အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ယောက်စလုံး မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာရင်တောင် သူတို့က လိဂ်ဖလားကို ရမယ် မထင်ပါဘူး” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။