ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ အင်္ဂလန်ရဲ့ လူငယ် ညာနောက်ခံလူတွေ ဖြစ်ကြတဲ့ ရစ်စီဂျိမ်းစ်နဲ့ အာနိုးလ်တို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ နောက်ခံလူလဲ ဆိုတာကို ချက်ကျလက်ကျ သုံးသပ်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီး ညာနောက်ခံလူ ရစ်စီဂျိမ်းစ်နဲ့ လီဗာပူး ညာနောက်ခံလူ အာနိုးလ်တို့ နှစ်ဦးဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲမှာ ဝင်ရောက်နိုင်ဖို့ အတွက် အပြိုင်အဆိုင် ကြိုးစားနေရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးထဲက တဦးဟာ လူစာရင်း ကနေ ချန်လှပ်ခံရမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Photo Credit: Standard

အသက် ၂၃နှစ် အရွယ် လီဗာပူး အကယ်ဒမီထွက် ညာနောက်ခံလူ အာနိုးလ်က တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ တိကျတဲ့ ဖြတ်တင်ဘော ပေးပို့နိုင်စွမ်းနဲ့ တည်ကန်ဘော ကန်သွင်းရာမှာ ထူးချွန်မှုတို့ကြောင့် နာမည်ကြီးပေမယ့် အာနိုးလ်ရဲ့ အားနည်းချက်ကတော့ ခံစစ်စွမ်းဆောင်ရည် အနည်းငယ် အားနည်းတာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ချယ်လ်ဆီး အကယ်ဒမီထွက် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ကတော့ တိုက်စစ် ၊ ခံစစ် မျှတစွာ ကစားနိုင်သလို သူ့ရဲ့ ပါဝါအားကောင်းတဲ့ ကစားဟန် ၊ လိုအပ်ရင် အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေ ရအောင် သွင်းယူနိုင်စွမ်း ရှိသူပါ။

Photo Credit: Standard

အာနိုးလ်နဲ့ ရစ်စီဂျိမ်းစ်တို့ နှစ်ဦးစလုံးက ခြေစွမ်းပိုင်း တည်ငြိမ်သူတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာကို ရွေးချယ်ဖို့ ခက်ခဲပြီး ဖာဒီနန်ကတော့ တိုက်စစ် သီးသန့်သာ အားကိုးရတဲ့ အာနိုးလ်ထက် တိုက်စစ် ၊ ခံစစ် မျှတစွာ ကစားနိုင်တဲ့ ရစ်စီဂျိမ်းစ်ဟာ ပိုကောင်းတယ်လို့ ဆိုလာပါတယ်။

ဖာဒီနန်က – “ဘောလုံးကိုင် ကစားရတဲ့အချိန် ၊ တိုက်စစ် ကစားရတဲ့ အချိန်တွေမှာ ဂျိမ်းစ်က အာနိုးလ်နဲ့ တန်းတူ ကောင်းတဲ့ ညာနောက်ခံလူ တဦးလို့ မြင်ပါတယ်။ ဒါပေမယ့် ခံစစ် ကစားရတဲ့ အချိန်တွေမှာတော့ ဂျိမ်းစ်က အာနိုးလ်ထက် ပိုပြီး သာပါတယ်။ အထူးသဖြင့် တယောက်ချင်း ရင်ဆိုင်ရတဲ့ အခါတိုင်းမှာ ဂျိမ်းစ်က သူ့ရဲ့ ပြိုင်ဘက်တွေကို အမြဲတမ်း အနိုင်ယူနိုင်ပါတယ်။ ဒါက သူတို့နှစ်ဦးကြားထဲမှာ ရှိနေတဲ့ ကွာခြားချက်ပါပဲ။ သူတို့နှစ်ယောက်လုံးက အကောင်းဆုံး ညာနောက်ခံလူတွေ ဖြစ်တာကြောင့် သူတို့နှစ်ယောက် ပြိုင်ဘက်တွေ အဖြစ် တယောက်နဲ့ တယောက် ဖိအားပေးနေတာဟာ နှစ်ယောက်လုံးကို တိုးတက်လာစေနိုင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ အခုချိန်မှာ ဂျိမ်းစ်က အာနိုးလ်ထက် ပိုကောင်းတဲ့ ညာနောက်ခံလူပါပဲ” လို့ ချက်ကျလက်ကျ သုံးသပ်ပြသွားခဲ့တာပါ။