MySport Myanmar

လီဗာပူးလ်က အောင်မြင်နေပေမယ့် မန်ယူကသာ ပိုကြီးမားတဲ့ကလပ်လို့ ဖာဒီနန် ဆို

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က သူတို့ရဲ့ပြိုင်ဘက် လီဗာပူးလ်အသင်းဟာ အင်္ဂလန်ထိပ်တန်းလိဂ်ဖလား စုစုပေါင်း အကြိမ်ရေ(၂၀)နဲ့ တူညီသွားခဲ့ပေမယ့် ယူနိုက်တက်အသင်းကသာ ပြိုင်ဘက်ကင်း ပိုကြီးမားတဲ့ ကလပ်အသင်းုဖြစ်နေဆဲပဲလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

နည်းပြအာနေး စလော့ရဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညနေက တော့တင်ဟမ်ဟော့ စပါးကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့တာကြောင့် မန်ယူနိုက်တက်ရဲ့ နှစ်ရှည်လများ စံချိန်ကို လိုက်မီခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးကလပ်င ဘယ်အသင်းလဲဆိုတဲ့ အငြင်းပွားမှုကို အဆုံးသတ်လိုက်ပြီလို့ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က ဝန်ခံခဲ့ပြီး ဒါဟာ အတိတ်ကို ပြန်သုံးသပ်ရမယ့် အခိုက်အတန့်လို့ ဆိုပါတယ်။

 

Photo Credit : Football365

ဒါပေမယ့် ဖာဒီနန်ကတော့ သဘောမတူကြောင်းနဲ့ ဘာကြောင့်လဲဆိုတာကို အတိအကျ ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ Rio Ferdinand Presents YouTube channel မှာ ဖာဒီနန်က “သူတို့(လီဗာပူးလ်)က ဒီနိုင်ငံမှာ အအောင်မြင်ဆုံးကလပ်ပါ။ ဒါပေမယ့် အကြီးဆုံးကလပ်တော့ မဟုတ်ဘူး။ ဒါက အမှန်တရားပဲ။ ကမ္ဘာပေါ်မှာ ဘယ်နေရာကိုပဲသွားသွား လီဗာပူးလ် ပရိသတ်ထက် မန်ယူနိုက်တက် ပရိသတ်က ပိုများတယ်။ ဒါပေမယ့် သူတို့(လီဗာပူးလ်)ဆက်ပြီး အောင်မြင်နေမယ်။ ယူနိုက်တက်က အောင်မြင်မှုတွေ မရတော့ဘူးဆိုရင်တော့ ဒါက ပြောင်းလဲသွားလိမ့်မယ်။ အောင်မြင်တဲ့အသင်းတွေကို အားပေးမယ့် ပရိသတ်သစ်တွေ ပေါ်လာမှာပဲ။”

“တကယ်လို့ လီဗာပူးလ်က လာမယ့် (၁၀)နှစ်အတွင်း ဒီလိုဖြစ်လာခဲ့ရင် ကမ္ဘာ့အကြီးဆုံးကလပ်ဆိုတဲ့နေရာမှာ သူတို့ တန်းတူဖြစ်လာဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံးကလပ်ဆိုတဲ့နေရာမှာ ယူနိုက်တက်က ပြိုင်ဘက်ကင်း ရပ်တည်နေဆဲပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်ရဲ့ ဧည့်သည်တော့် ပီတာ ခရော့ချ်က အသင်းကြီးနှစ်သင်းရဲ့ ဆန့်ကျင်ဘက် ဦးတည်ရာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိမရှိ ဖာဒီနန်ကို မေးမြန်းခဲ့ပါတယ်။

Photo Credit : The New York Times

စိတ်ပျက်နေတဲ့ ဖာဒီနန်က “ဒါက ကျုပ်ခေါင်းကို ပူစေတယ်။ ရိုးရိုးသားသားပြောရရင် ကျုပ် ယူနိုက်တက်မှာ ရှိတုန်းကဆိုရင် ကျွန်တော်တို့က အများကြီး သာတယ်။ လိဂ်ဖလားတွေ ရယူနိုင်တယ် စသဖြင့်ပေါ့။ ကျွန်တော်တို့ ပြန်တက်လာပြီး ရှေ့ကိုရောက်ခဲ့တယ်။ ကျွန်တော်က အဲ့ဒီအစိတ်အပိုင်းမှာ ပါဝင်ခဲ့ပြီး ခံစားချက်ကောင်းခဲ့တယ်။ အခုတော့ မျက်စိရှေ့မှာပဲ အရာအားလုံး လျှောကျပျောက်ကွယ်သွားတာကို ထိုင်ကြည့်နေရတယ်။ ကျွန်တော် ဘောလုံးကစားတာကနေ အနားယူပြီးတဲ့နောက်ပိုင်း လီဗာပူးလ်က ပိုအောင်မြင်လာတယ်။ ဒါကို လက်ခံရုံပဲ ရှိတော့တာပေါ့။” လို့ ပြန်ဖြေခဲ့ပါတယ်။

မန်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြည်တွင်းလိဂ်ဖလား အရေအတွက်ချင်း တူညီပေမယ့် လီဗာပူးလ်က ဥရောပမှာ ပိုသာတဲ့ စံချိန်အဖြစ် ဥရောပဖလား (၆)လုံး ရယူထားပြီး ယူနိုက်တက်ကတော့ (၃)လုံးသာ ရရှိထားကြောင့် အန်ဖီးလ်အသင်းဘက်ကို အလေးသာသွားစေခဲ့တယ်လို့ စိတ်ပျက်နေတဲ့ နဗီးလ်က ဆိုပါတယ်။ လီဗာပူးလ်ရဲ့ အောင်ပွဲမတိုင်မီ Sky Sports မှာ နဗီးလ်က “ချန်ပီယံဆုရတဲ့ အသင်းကို လေးစားရပါမယ်။ သူတို့က အကောင်းဆုံးအသင်း ဖြစ်ခဲ့တယ်။ ကစားသမားသစ်တွေ မခေါ်ဘဲနဲ့ ဒီလိုအောင်မြင်မှုရအောင် လုပ်ပြနိုင်ခဲ့တဲ့ နည်းပြရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ခုပဲ။ သူ့ကို ချီးကျူးရမှာပါ။ ဒါပေမယ့် ဒါက အတိတ်ကို ပြန်သုံးသပ်ရမယ့် နေ့တစ်နေ့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Exit mobile version