လက်ရှိမှုာ ဘောလုံးသမားတွေက ကိုရိုနာဗိုင်းရပ်စ်ဂယက်တွေကြောင့် အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်ပဲ နေအိမ်တွေမှာပဲ သီးသန့်လေ့ကျင့်ခန်းဆင်းနေရသလို သူတို့ရဲ့ လူမှုကွန်ယက်တွေပေါ်ကနေပဲ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် နေခဲ့ရပါတယ်။ ဒီလိုပါပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်း ရီယိုဖာဒီနန် သူရဲ့အင်စတာဂရမ်ပေါ်ကနေ ပရိသတ်တွေ အမေးအဖြေတွေ ပြလုပ်ခဲ့ပြီး အီဒင်ဟာဇက်နဲ့ မိုဟာမက်ဆာလာတို့နှစ်ယောက်ခြား ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ မေးခွန်းကိုပါ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဖာဒီနန်က သူရဲ့မေးခွန်းနဲ့ပတ်သက်ပြီး “ဟာဇက်ကတော့ ဘယ်ကစားသမားနဲ့ တစ်ဦးချင်းတွေ့ဆုံတိုင်းမှာ အကောင်းဆုံးတုန့်ပြန် ကစားတတ်တယ်။ ကျွန်တော်သူ့ကို တကယ်သဘောကျတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဟာဇက်ထက် ဆာလာက ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဟာဇက်ကတော့ အရမ်းကို အန္တရာယ်များလှတဲ့ ကစားသမားလို့ထင်ပါတယ်။ တစ်ဦးချင်း ရင်ဆိုင်ရပြီဆိုတာနဲ့ ဘယ်ကစားသမားကိုမဆို သူဖြတ်ကျော်နိုင်တယ်။ သူက အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ ဒါတွေက သူရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားပြီးနောက်မှာ ဆက်ဖြစ်မလာတော့ပါဘူး” လို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဖာဒီနန် ပြောဆိုထားသလိုပဲ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားခဲဲ့စဉ်တုန်းက အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားစာရင်းမှာလည်း ပါဝင်ခဲဲ့သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီးနောက်မှာတော့ ဟာဇက်ဟာ ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲရင်ဆိုင်ရပြီး ပွဲထွက်ကစားခွင့်ရခဲဲ့တဲ့ပွဲတွေမှာလည်း သူရဲ့နဂိုခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်းမရှိပဲ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအနည်းငယ်လေးပဲ ရှိထားခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကတော့ သူရဲ့ခြေစွမ်းကောင်းတွေကို ဒီရာသီမှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေကို ဆက်လက်သွင်းယူထားနိုင်ခဲ့ကာ ဟာဇက်နဲ့ယှဉ်မယ်ဆိုရင်တော့ ဒီရာသီမှာ ဆာလာက ပိုကောင်းနေတယ်ဆိုတာကို လက်ခံရမှာပါ။