ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင်နောက်ခံ ကစားသမားတစ်ဦး ဖြစ်တဲ့ ဖာဒီနန်က လတ်တလောမှာ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကြားက အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သူ့ရဲ့အမြင် ကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဖာဒီနန်ရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်ယူအသင်းဟာ စပါးအသင်းကနေ လာမယ့် နွေရာသီမှာ ထွက်ခွာဖို့ ရေပန်းစားနေတဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ တစ်သင်း အပါအဝင် ဖြစ်ပြီး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Metro.com

အသက်၂၆နှစ်အရွယ် ဟယ်ရီကိန်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် စာရင်းဝင် ထားသူ ဖြစ်ပြီး သူဟာ သူ့ကို အခွင့်အရေးပေးခဲ့တဲ့ နည်းပြ ပိုချက်တီနိုကို စပါးအသင်းက ထုတ်ပယ်ခဲ့မှုအတွက် မကျေမနပ်ဖြစ်နေသူ ဖြစ်ကာ လက်ရှိစပါးနည်းပြ မော်ရင်ဟိုကိုလဲ ယုံကြည်မှု နည်းပါးနေသူပါ။ ဒါ့ကြောင့် ဟယ်ရီကိန်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်သီးအသင်းတစ်သင်းထံ ပြောင်းရွှေ့လိုနေသူ ဖြစ်ကာ လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ စပိန်အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ရေပန်းစားနေကြပါတယ်။ အင်္ဂလန် နောက်ခံလူဟောင်းဖြစ်တဲ့ ဖာဒီနန်က ဟယ်ရီကိန်းဟာ မန်ယူအသင်းနဲ့ ကိုက်ညီမယ့် ကစားသမား တစ်ဦးဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Photo Credit: Metro.com

မန်ယူအသင်းနဲ့ ဟယ်ရီကိန်းတို့ရဲ့ အပြောင်းအရွှေ့သတင်းနဲ့ ပတ်သတ်ပြီး ဖာဒီနန်က ” တကယ်လို့ သူက ကြံ့ခိုင်မှုသာ ပြည့်ဝနေပြီး မန်ယူအသင်းထံကို ပြောင်းရွှေ့သွားခဲ့ရင်တော့ ခင်ဗျားဟာ ကျိန်းသေပေါက် သွင်းဂိုးအတွက် စိတ်ပူရမှာ မဟုတ်ပါဘူး။ ဒါက ၁၀၀ရာခိုင်နှုန်း ကျိန်းသေပါတယ်။ သူက သွင်းဂိုးတွေကို အာမခံပေးနိုင်ပါတယ်။ ဒါပေမယ့် စပါးအသင်းက သူ့ကို လက်လွှတ်ပါ့မလား။ ကျွန်တော်ကတော့ စပါးအသင်းဟာ သူ့ကို လက်လွှတ်မယ်လို့ မထင်ပါဘူး။ မော်ရင်ဟိုကလဲ သူ့ကို အဆုံးရှုံးခံမယ် မထင်ဘူး ” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ စပါးအသင်းဘက်က ဟယ်ရီကိန်းကို ရောင်းချသွားဖို့ စိတ်ကူးမရှိပေမယ့် ရောင်းချဖြစ်ပါကလဲ ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းအထက် ကမ်းလှမ်းမှုတွေကိုသာ စဉ်းစားမှာဖြစ်တယ်လို့ သိရှိရပါတယ်။