မန်စီးတီးအသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် သူတို့ရဲ့နည်းပြ ပတ်ဂွာဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်လျက်ရှိနေပေမယ့်လည်း သက်တမ်းတိုးမယ့်ကိစ္စပ ကြန့်ကြာလျက်ရှိနေတာကြောင့် မကြာခင်မှာ စတင်ဖွင့်လှစ်တော့မယ့် ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမယ့်ကိစ္စတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : TeamTalk

မန်စီးတီးအသင်းရဲ့ နည်းပြဂွာဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူနဲ့မန်စီးတီးအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကရော နည်းပြဘက်ပါ သက်တမ်းတိုးမယ့်အရေးကို လုပ်ဆောင်နေကြပေမယ့် လက်ရှိအချိန်ထိကတော့ ရေရေရာရာ အနေအထားမှာ ရှိမနေသေးတဲ့အတွက် လာမယ့်ဇန်နဝါရီလအတွင်း ကစားသမားသစ်တွေ ခေါ်ယူရာမှာ ခက်ခဲလာနိုင်တယ်လို့ ဖာဒီနန်က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ဖာဒီနန်က “ဂွာဒီယိုလာက အခြားနည်းပြတွေနဲ့ ခြားနားတဲ့ နည်းပြတစ်ယောက်ပါ။ သူက ကစားသမားတွေရဲ့ ယုံကြည်မှုတွေကို ပိုမိုတိုးပွားလာအောင် ဖြည့်ဆည်းပေးနိုင်တဲ့ နည်းပြမျိုးလို့လည်း ကျွန်တော်ထင်တယ်”

Photo Credit : The Sport Rush

“ဒါပေမယ့် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူခဲ့တဲ့အခါမှာ အသင်းနဲ့ ချိတ်ဆက်နေတဲ့ ကစားသမားက အသင်းမှာ ဂွာဒီယိုလာ ဆက်လက်ရှိနေဦးမှာလားဆိုတာကို အတိအကျ သိချင်လာကြပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း အသင်းဆီကို မပြောင်းရွှေ့လာခင် လက်ရှိနည်းပြပဲ ဆက်လက်တာဝန်ယူနေမှာလား ဒါမှမဟုတ် ဒီနည်းပြ မကိုင်တွယ်တော့ရင် ဘယ်နည်းပြကို ခန့်အပ်နိုင်မလဲဆိုတာကိုပါ သိချင်နေကြလိမ့်မယ်။ ဒါကို မန်စီးတီးအသင်းအနေနဲ့ သတိထားဖို့ လိုပါလိမ့်မယ်” လို့ သတိပေးစကားပြောဆိုလိုက်ပါတယ်။ အသက်(၄၉)နှစ်အရွှယ်ရှိ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေရဲ့နည်းပြဟောင်းဂွာဒီယိုလာဟာ ၂၀၁၆ခုနှစ်ကမှ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလား(၂)လုံးအပါအဝင် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွင်းမှာ ဒေသတွင်းဖလား(၃)ခုလုံးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ ၂၀၂၁ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာ အသင်းနဲ့ သက်တမ်းကုန်တော့မှာဖြစ်ပြီး လက်ရှိအချိန်ခိ သက်တမ်းတိုးဖို့ ကြန့်ကြာလျက်ရှိနေသလို သူရဲ့အသင်းဟောင်း ဘာစီလိုနာကလည်း ဂွာဒီယိုလာကို ပြန်လည်ခေါ်ယူချင်နေပါတယ်။