မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ဂျေဒန် ဆန်ချိုအနေနဲ့ လက်ရှိ အခြေအနေတွေကြောင့် ဆော်ဒီ ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့မလား ဒါမှမဟုတ် မန်ယူနိုက်တက်အသင်းမှာပဲ တစ်ရာသီလုံး အရန်ခုံထိုင်နေမလားဆိုတာကို ရွေးချယ်ရလိမ့်မယ်လို့ အခိုင်အမာ ပြောဆို သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ ယူနိုက်တက်တို့ ပွဲစဉ်မှာ ဆန်ချိုကို ထည့်သွင်းရခြင်း မရှိတာ လေ့ကျင့်ရေးကွင်းထဲ ဆန်ချိုရဲ့ စွမ်းဆောင်မှုတွေ ကောင်းမွန်ခြင်း မရှိလို့ဆိုပြီး ပြောဆိုလာတဲ့ နည်းပြ တန်ဟက်ဂ်ရဲ့ ပြောဆိုမှုကို ဆန်ချိုက ပြန်လည် တုံ့ပြန်ခဲ့ရာကနေ အခြေအနေတွေကနေ ဆိုးရွှားလာခဲ့ရပါတယ်။

Photo Credit : Clutch Points

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမားက သူဟာ လေ့ကျင့်ရေးကွင်းထဲမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပေမယ့် သူ အသင်းအတွက် မကစားရတာ တခြား အကြောင်းကြောင့်သာ ဖြစ်နိုင်ကြောင်း ဒီလို အပြစ်တင်ခံရခြင်းမှာလည်း သူ့အတွက် မျှတမှု မရှိကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က ဆန်ချိုအနေနဲ့ အခုလို တန်ဟက်ဂ်နဲ့ သဘောထား ကွဲလွဲနေချိန်မှာ အသင်းအတွက် ပြန်လည် ကစားပေးခွင့်ရဖို့ မလွယ်ကူနိုင်တော့တာကြောင့် ဈေးကွက် ဖွင့်လှစ်နေသေးတဲ့ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

“ဂျေဒန်အနေနဲ့ သူ့ကိုယ်သူ ကောင်းကောင်း လုပ်နိုင်ခဲ့တယ် မမြင်ထားရင် ဒီလို ကြေညာချက်မျိုး ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်အရဆိုရင်တော့ ဂျေဒန်က ငါ သေချာ လေ့ကျင့်ပြီးပြီ ၊ ဒါပေမယ့် နည်းပြမှာ မတူကွဲပြားတဲ့ စံနှုန်းတစ်ခု ရှိနိုင်တယ်ဆိုပြီး တွေးလိုက်သင့်တာ။ အခုကတော့ လမ်းနှစ်လမ်းပဲ ရှိပါတော့တယ်။”

“တစ်ခုက အခုထိ ဈေးကွက်ဖွင့်ထားသေးတဲ့ ဆော်ဒီလိဂ်ဆီကို သွားမလား ဒါမှမဟုတ် တစ်ရာသီလုံး အသင်းရဲ့ လူစာရင်းမှာ မပါဝင်နိုင်တော့ပဲ အရန်ခုံမှာပဲ ဆက်ထိုင်နေမလား” လို့ ဖာဒီနန်က မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။