မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်သလို အင်္ဂလန်လက်ရွေးစင်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာနဲ့ ယူနိုက်တက်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ရင်းနဲ့ ဘာစီလိုနာအသင်းနည်းပြဖြစ်သူ ဖရန့်ရစ်ကတ်နဲ့ ဆုံတွေ့ခဲ့ကာ အပြောင်းအရွှေ့ကိစ္စတွေကို တွေ့ဆုံပြောဆိုခဲ့ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ သူ့ကိုတိုက်တွန်းပြောဆိုခဲ့ကြောင်း ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Kick Off

ယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံကစားသမားဟောင်းကြီး ဖာဒီနန်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၂ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်အောင် ပါဝင်ကစားခဲ့သူဖြစ်ကာ အသင်းရဲ့ခံစစ်ပိုင်းတာဝန်တွေကို အကောင်းဆုံးထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဖာဒီနန်ရဲ့ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဘာစီလိုနာကွင်းမှာ သရေကျခဲ့ကာ အိုးထရက်ဖိုဒ့်မှာတော့ ပေါစခိုးလ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲဲ့ အနိုင်ရခဲ့ပြီး ဖိုင်နယ်တတ်ခဲ့သလို ဖိုင်နယ်မှာလည်း ချယ်လ်ဆီးကို အနိုင်ယူခဲဲ့ရင်းနဲဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : The Sun

အဲ့ဒီအချိန်တုန်းက ဘာစီလိုနာအသင်းနည်းပြဖြစ်နေတဲ့ ရစ်ကတ်ဟာ သူတို့အသင်းမှာ ဖာဒီနန်ကို လာရောက်ကစားဖို့ တိုက်တွန်းပြောဆိုခဲ့သလို ဖာဒီနန်ရဲ့အေးဂျင့်တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ အပြောင်းအရွှေ့ဖြစ်လာအောင် ကြိုးပမ်းခဲဲ့တယ်လို့ ဖာဒီနန်ကိုယ်တိုင်က ပြန်လည်ဖွင့်ဟပြောဆိုလာခဲဲ့ပါတယ်။ ဖာဒီနန်က သူအနေနဲဲ့ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ဖလားယူပြီးနောက်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် စိတ်ကူးရှိခဲ့သလို ပြည်ပတစ်နေရာမှာ ပြောင်းရွှေ့ကစားဖို့ကိုလည်း ဆန္ဒရှိနေပေမယ့် အဲ့ဒီအချိန်က သူဟာ ပြည်တွင်းမှာ ဒိတ်ဒိတ်ကြဲအသင်းဖြစ်တဲ့ ယူနိုက်တက်လို အသင်းကြီးမျိုးမှာ ပါဝင်ကစားနေရပြီး သူ့ကိုယ်သူ အင်္ဂလန်မြေမှာပဲ ဆက်နေရတာ ပိုကောင်းလိမ့်မယ်လို့ တွေးထင်မိခဲ့တဲ့အတွက် ဘာစီလိုနာကို ငြင်းပယ်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာအသင်းက ဖာဒီနန်ကို မရခဲ့လို့ နောက်ထပ် ယူနိုက်တက်နောက်ခံလူ ပီကေးကိုသာ ခေါ်ယူခဲ့တာဖြစ်ပြီး ပီကေးကလည်း ဘာစီလိုနာအသင်းမှာ အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းရဲ့အမာခံကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။