ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ရံဖန်ရံခါ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီထက် ပိုကောင်းတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်ဆီ စတင် ရောက်ရှိချိန်မှာပဲ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Sports Bible

ကတ်စ်မဲရိုးက ဘရူနို ဖာနန်ဒက် ၊ အဲရစ်ဆင်တို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းထားနိုင်သလို သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ရိုဒရီက ယခုနှစ်ရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sports Bible

ကတ်စ်မဲရိုးနဲ့ ရိုဒရီတို့က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ၅ဦး စာရင်းထဲ ပါဝင်တာကြောင့် ဘောလုံးပရိသတ်တွေ ကြားထဲမှာ မန်ချက်စတာမြို့ခံ နှစ်သင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ကတ်စ်မဲရိုးနဲ့ ရိုဒရီတို့မှာ ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းတခု ထွက်ပေါ်လာခဲ့ပြီး ရီယို ဖာဒီနန်ကတော့ ကတ်စ်မဲရိုးဟာ ခေါင်းဆောင်နိုင်တဲ့ အရည်အသွေးမျိုး ရှိတာကြောင့် ရိုဒရီထက် ပိုကောင်းတယ်လို့ ဆိုလာပါတယ်။

ဖာဒီနန်က – “ကတ်စ်မဲရိုးက ကစားသမား တယောက် ဆိုတာထက် ပိုပါတယ်။ သူက ကွင်းထဲမှာဆိုရင် ခေါင်းဆောင်ကောင်း တယောက်ပါ။ ကတ်စ်မဲရိုးရဲ့ အတွေ့အကြုံတွေနဲ့ သူ ရထားတဲ့ ဆုဖလားတွေကို ကြည့်လိုက်မယ် ဆိုရင် သူက ရိုဒရီထက် သာတာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။