မနေ့ညက ကျင်းပသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်းမှာ အာဆင်နယ်က လူစားဝင်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်လော့စ်ရဲ့ နောက်ကျအသည်းခွဲဂိုးနဲ့ အနိုင်ရသွားခဲ့ကာ ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပြီး လက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဆုံတွေ့ရတော့မှာဖြစ်သလို နာကျင်အချိန်ပိုမှာ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးကြောင့် ဧည့်သည်အာဆင်နယ်အသင်းကို အရေးနိမ့်လိုက်ရတဲ့ ရှက်ဖီးအသင်းအတွက်ကတော့ ဖလားတစ်လုံးမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Daily Express

ရှက်ဖီးအသင်းဟာ ပထမပိုင်းမှာ အာဆင်နယ်ဘက်ကို ပင်နယ်တီသတ်မှတ်ပေးခဲ့ရလို့ သွင်းဂိုးစတင်ခွင့်ပြုပေးခဲ့ပြီး ပွဲပြီးခါနီးမှာမှ ဂိုးလ်ဒရစ်က ရှက်ဖီးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့ကာ နာကျင်အချိန်ပိုမှာတော့ စီဘယ်လော့စ်က အနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အနိုင်ဂိုးကို မကာကွယ်နိုင်ပဲ ခွင့်ပြုပေးလိုက်ရတဲ့ ရှက်ဖီးအသင်းရဲ့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဝေဖန်ပြစ်တင်ခဲ့ပြီး သူ့အနေနဲ့ ကာကွယ်မှုတွေကို ဒီထက်မက ပြုလုပ်နိုင်သင့်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Tribuna

ဖာဒီနန်က “ကျွန်တော်ဒီအကြောင်းတွေကို အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ နောက်ခံလူတစ်ယောက်အနေနဲ့ ကိုယ့်အသင်းရဲ့ ဂိုးသမားက ဒီလိုကာကွယ်မှုတွေ မလုပ်နိုင်ဘူးဆိုရင် အတော်လေးကို စိတ်ပျက်မိမှာပါ။ တခြားလူတွေကတော့ သူ့အပေါ်မှာ တခြားအမြင်တွေ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူဒီထက်မက ကာကွယ်မှုတွေ လုပ်သင့်တယ်လို့ပဲ ခံစားမိပါတယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အခုလို စီနီယာကစားသမားတစ်ယောက်ရဲ့ ဝေဖန်မှုကို ခံလိုက်ရတဲ့ ဒင်းဟန်ဒါဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ဂိုးပေါက်ကာကွယ်မှု (၈၁)ကြိမ်အထိ ပြုလုပ်ထားခဲ့ကာ ပရီးမီးယားလိဂ် ဂိုးပေါက်ကာကွယ်မှု အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ဂိုးသမား(၁၀)ယောက်စာရင်းထဲမှာ ပါဝင်လို့နေပြီး သူရဲ့လက်စွမ်းတွေကြောင့် ရှက်ဖီးယူနိုက်တက်အသင်းဟာလည်း ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ Clean Sheets (၁၁)ကြိမ်ထိ ပြုလုပ်ထားနိုင်ပါတယ်။ ဒင်းဟန်ဒါဆန်ဟာ လာမယ့်ဘောလုံးရာသီမှာ ရှက်ဖီးအသင်းနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူရဲ့မူရင်းကလပ် ယူနိုက်တက်အသင်းဆီကို ပြန်သွားရတော့မှာဖြစ်ပေမယ့် ယူနိုက်တက်ဘက်က ပထမဂိုးသမားနေရာကို အာမမခံနိုင်သေးတာကြောင့် အသင်းကနေ အငှားပြန်ထွက်ရဖွယ်ရှိနေပါတယ်။