တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းကတော့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ တိုက်စစ်ကစားသမား တာလီစကာကို ခေါ်ယူပြီးရင် နောက်ထပ် ဆော်ဒီလိဂ် ကစားသမားဖြစ်သူ အယ်လ်အာလီ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

နာမည်ကျော် စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းဟာ ဒီနွေမှာတုန်းက အန်နက်ဆီရီ ၊ စိန့်မက်ဆီမင် ၊ အမ်မရာဘတ် ၊ ကို့စတစ်တို့လို ကစားသမားကောင်းတွေ အများအပြားကို အားဖြည့် ခေါ်ယူခဲ့ပါတယ်။

Photo Credit : Fenerbahce

ဒါပေမယ့်လည်း လက်ရှိ တူရကီ အမှတ်ပေးလိဂ်မှာ ဖီနာဘာချီက ဂါလာတာစာရေးအသင်းရဲ့အောက် (၆)မှတ်အကွာနဲ့ ရောက်ရှိနေရပြီး နောက်ဆုံး (၄)ပွဲမှာလည်း နိုင်ပွဲက (၁)ပွဲတည်းသာ ရထားသေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပဲ ကစားသမား ထပ်မံ ဖြည့်တင်းသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဖီနာဘာချီရဲ့ တိုက်စစ်ပိုင်းမှာက ဒီဇီကို တာဒစ် အန်နက်ဆီရီ မက်ဆီမင် တိုဆန် အွန်ဒါတို့လို ကစားသမားတွေ အများကြီး ရှိနေပေမယ့် အသက် (၃၈)အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဇီကိုနေရာမှာ (၃၃)နှစ်အရွယ် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဖာမီနိုနဲ့ အစားထိုးဖို့ စီစဉ်ထားသလို ကွင်းလယ်တိုက်စစ် နေရာအတွက်ကိုလည်း တာလီစကာကိုပါ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : Instagram

ဖာမီနိုရော တာလီစကာပါ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေပေမယ့်လည်း တာလီစကာက သူကျင်လည်ဖူးတဲ့ တူရကီလိဂ်ဆီ ပြန်သွားချင်နေသလို အိုင်ဗန် တိုနေးကို ခေါ်ယူထားတဲ့ အယ်လ်အာလီကလည်း ဖာမီနိုကို လက်လွတ်သွားဖွယ် ရှိနေတာကြောင့် ဒီဘရာဇီးလ်သား နှစ်ဦးလုံး ဖီနာဘာချီဆီ ရောက်လာနိုင်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖီနာဘာချီနည်းပြကြီး မော်ရင်ဟိုက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ခွဲစိတ်မှုတစ်ခု ပြုလုပ်ဖို့အတွက် ပြည်ပနိုင်ငံတစ်ခုဆီ ရောက်ရှိနေပေမယ့် ဒါဟာ စိုးရိမ်ပူပန်စရာ မရှိကြောင်းနဲ့ အားလပ်ရက်တွေ ကုန်ဆုံးသွားရင်လည်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်မှာဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။