MySport Myanmar

မော်ရင်ဟိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖီနာဘာချီ ဥက္ကဌ အတည်ပြု

လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကျော် စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီ အသင်းရဲ့ ဥက္ကဌဖြစ်သူက အတည်ပြု ပြောကြားလာခဲ့ပါတယ်။

အသက် (၆၁)နှစ်အရွယ် ပေါ်တူဂီလူမျိုး ထိပ်တန်း ဘောလုံးနည်းပြကြီး မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ရိုးမားအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ထားခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပေမယ့်လည်း ကလပ်အသင်း တော်တော်များများနဲ့တော့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေရပါတယ်။

Photo Credit : Eurosport

မော်ရင်ဟိုကလည်း စပါး တစ်သင်းကလွဲရင် သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတိုင်းလိုလိုမှာ ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ရိုးမားကိုလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလားအဖြစ် ကွန်းဖရန့်စ်လိဂ်ဖလားလည်း ရယူပေးနိုင်ခဲ့သလို နောက်တစ်ရာသီမှာပါ ယူရိုပါလိဂ် ဖိုင်နယ်ထိ ပို့ဆောင်နိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ရိုးမားဘက်က ရလဒ်ပိုင်းတွေ ကျဆင်းလာမှုနဲ့ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟိုနေရာမှာလည်း ကစားသမားဟောင်းကြီး ဒီရော့စီနဲ့ အစားထိုးခဲ့ပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်သွားတဲ့ မော်ရင်ဟိုကို အသင်းတိုင်းလိုလိုက အလိုရှိနေကြပြီး ချိတ်ဆက်မှုတွေလည်း အပြိုင်အဆိုင် လုပ်ဆောင်လာကြပါတယ်။

Photo Credit : Hurriyet

တူရကီကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဖီနာဘာချီ အသင်းဥက္ကဌက သူဟာ မော်ရင်ဟိုနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖီနာဘာချီက မော်ရင်ဟိုလို နည်းပြမျိုးကို အလိုရှိနေပါကြောင်း (၂)နာရီကြာလောက်အထိ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဖီနာဘာချီအသင်းဟာ ဒီရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရရှိထားခဲ့တာကြောင့် လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရရှိထားပြီဖြစ်ပြီး အသင်းမှာလည်း မော်ရင်ဟို တပည့်ဟောင်း ဖရက်ဒ်အပြင် တာဒစ် ဒီဇီကို ဘနူချီ ဘတ်ရှုအာယီ ရိုင်ယန်ကန့် အွန်ဒါ ဆိုယွန်ဂျူတို့လို ကစားသမားကောင်းတွေ ရှိနေတဲ့အပြင် မော်ရင်ဟိုစိတ်ကြိုက် ကစားသမားတွေကိုပါ ခေါ်ယူပေးသွားဖို့လည်း ရှိနေပါတယ်။

Exit mobile version