MySport Myanmar

အန်တိုနီ မာရှယ်ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတဲ့ ဖီနာဘာချီ

တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ကို ပြောင်းရွှေ့ကြေး ယူရို (၇)သန်းနဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း မာရှယ်ဟာ ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အသင်းရဲ့ အနာဂတ် မရေရာတော့တဲ့ ကစားသမားတွေထဲမှာပါ ပါဝင်လို့နေပြီဖြစ်ပြီး အသင်းဘက်ကလည်း သူ့ကို အမြန်ဆုံး ရှင်းထုတ်သွားချင်နေပါတယ်။

Photo Credit : Yardbarker

မာရှယ်က ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲ ကစားထားပြီး (၂)ဂိုးသာ သွင်းယူးပေးထားနိုင်ခဲ့သလို အမြဲလိုလို ဒဏ်ရာတွေရလိုက် ပုံမှန်ခြေစွမ်းအောက် ရောက်လိုက် ဖြစ်နေတာကြောင့် အသင်းပရိသတ်တွေက မာရှယ်ရဲ့ အနေအထားကို အတော်လေး စိတ်ပျက်နေကြပါတယ်။

ဒီလို အခြေအနေမှာ မာရှယ်ကို ကလပ်အသင်း တချို့က ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ စိတ်ဝင်စားနေခဲ့သလို အခုလည်း ဖီနာဘာချီအသင်းက မာရှယ်အတွက် ယူရို (၇)သန်းတန် ကမ်းလှမ်းမှုတစ်ခုကို လုပ်ဆောင်ထားလျက် ရှိနေပါတယ်။

Photo Credit : mufcMPB

မာရှယ်ကို မာဆေးလ်အသင်းက ပြင်သစ်မြေဆီ ပြန်လည် ခေါ်ဆောင်သွားချင်နေသလို ဖီနာဘာချီကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီဇီကို ဘတ်ရှုအာယီ တာဒစ် အွန်ဒါတို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် သက်ကြီး ကစားသမား များပြားနေမှုကြောင့် မာရှယ်လို (၂၈)နှစ်သာ ရှိသေးတဲ့ တိုက်စစ်ကစားသမားကို ခေါ်ယူချင်လာခဲ့ပါတယ်။

ယူနိုက်တက်ကလည်း မာရှယ်ကို တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ကို အသုံးပြုသွားမှာ မဟုတ်ပဲ မာရှယ်အနေနဲ့ ဆောင်းဈေးကွက်မှာ ကလပ်အသင်းသစ် ရှာမတွေ့ခဲ့ရင် နွေမှာ အသင်းကနေ အလွတ်နဲ့သာ လက်လွတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version