MySport Myanmar

နောက်ကျ အချိန်ပိုဂိုးနဲ့ ပကျော့မှာ ရလဒ်ဆိုးခဲ့တဲ့ ဆြာမော်ရဲ့ ဖီနာဘာချီ

မနေ့ညက ချန်ပီယံလိဂ် ခြေစစ်ပွဲ တတိယအဆင့် ပထမအကျော့ပွဲစဉ်တွေကို ကျင်းပခဲ့ပြီး စပယ်ရှယ်ဝမ်းကြီး ဂျိုဆေး မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းက အဝေးကွင်းမှာ လီဂူးဝမ်းကလပ် လိုင်လီအသင်းကို သွားရောက် ရင်ဆိုင်ခဲ့ရင်း (2-1) ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

နာမည်ကျော် နည်းပြကြီး မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းဟာ အခုနွေဈေးကွက်အတွင်းမှာလည်း တောင်ပံကစားသမား စိန့်မက်ဆီမန်နဲ့ တိုက်စစ်ကစားသမား အန်နက်ဆီရီတို့ကိုပါ ခေါ်ယူဖြည့်တင်းထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : Super Sport

မော်ရင်ဟိုလို ဥရောပ ဘောလုံး အတွေ့အကြုံကောင်းတွေ ပြည့်ဝနေတဲ့ ဝါရင့် နည်းပြကြီးတစ်ဦးကို ခန့်အပ်ထားနိုင်ခဲ့တဲ့ ဖီနာဘာချီအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပြန်လည် ဆင်နွဲရဖို့ မျှော်လင့်ထားပြီး ခြေစစ်ပွဲ ဒုတိယအဆင့်တုန်းကလည်း ဆွစ်ဇာလန်ကလပ် လူဂါနိုကို (၂)ကျော့စလုံး အနိုင်ယူရင်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ခြေစစ်ပွဲ တတိယအဆင့် ပထမအကျော့မှာတော့ လူဂါနိုထက် ပိုကောင်းတဲ့ ပြိုင်ဘက်အဖြစ် လိုင်လီနဲ့ တွေ့ဆုံခဲ့ပြီး ပွဲပြီးခါနီးလောက်အထိ (၁)ဂိုးစီ သရေရလဒ်ရအောင် ကစားနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ လူစားဝင် ကစားသမား ဇီခရိုဗာရဲ့ အသည်းခွဲဂိုးနဲ့ ပကျော့မှာ ရလဒ်ဆိုးသွားခဲ့ရပါတယ်။

Photo Credit : Fanatik

ဒီရလဒ်ကြောင့် မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းက တူရကီမြေမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပြီး တကယ်လို့ လိုင်လီကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်လည်း နောက်ထပ် ပလေးအော့အဆင့်ကို ဆက်လက် ယှဉ်ပြိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။

မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းမှာ ဒီဇီကို ၊ ဖရက်ဒ် ၊ တာဒစ် ၊ ကရူနစ် ၊ လီဗာကိုဗစ် ၊ မက်ဆီမန် ၊ အန်နက်ဆီရီတို့လို ကစားသမားကောင်းတွေ ရှိနေပြီး ဈေးကွက်မပိတ်ခင်မှာလည်း နောက်ထပ် ကစားသမားသစ်တွေကို ဆက်လက် ခေါ်ယူသွားဖွယ်ပါ ရှိနေပါတယ်။

Exit mobile version