တူရကီ အင်အားကြီးကလပ် ဖီနာဘာချီက မန်ချက်စတာ ယူနိုက်တက် ကနေ အသင်းပြောင်းခွင့် ရရှိထားတဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

ဥရောပနိုင်ငံအများစုရဲ့ ၂၀၂၃-၂၀၂၄ နွေဈေးကွက်က ပိတ်သိမ်းသွားပေမယ့် တူရကီနိုင်ငံရဲ့ နွေဈေးကွက်ကတော့ ၉လပိုင်း ၁၅ရက်နေ့ ရောက်မှသာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

Photo Credit: 90 Min

ဒါကြောင့် တူရကီကလပ်တွေက ၁၅ရက်နေ့မတိုင်မီ အထိ ကစားသမားသစ်တွေကို ခေါ်ယူလို့ ရနေဆဲ ဖြစ်ပြီး ဖီနာဘာချီကတော့ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် စဉ်းစားထားကာ ဖီနာဘာချီရဲ့ ပစ်မှတ်စာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်လည်း ပါဝင်နေပါတယ်။

အသက် ၂၆နှစ် အရွယ် နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး တူရကီသတင်းဌာန တခု ဖြစ်တဲ့ A Sporရဲ့ ဖော်ပြချက်အရ ဖီနာဘာချီက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခွင့် ရထားတဲ့ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖီနာဘာချီဟာ ဗန်ဒီဘိခ်နဲ့ ဖရက်ဒ်တို့ရဲ့ ယူနိုက်တက် ကွင်းလယ်အတွဲကို သူတို့အသင်းမှာ ပြန်လည် အသုံးပြုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗန်ဒီဘိခ်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ဖီနာဘာချီက ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ တရာသီ အငှားစာချုပ် + အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ ကမ်းလှမ်းမှု ပြုလုပ်ရုံနဲ့ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖွယ် ရှိနေပြီး ဗန်ဒီဘိခ်ကလည်း အသင်းဖော်ဟောင်း ဖရက်ဒ် ရှိနေတဲ့ ဖီနာဘာချီဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။