ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေါ်တူဂီကလပ် စပို့တင်းအသင်းကနေ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူ အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၆၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဟာ ပရီးမီးယားလိဂ်မှာ ကစားတာ ၄လသာ ရှိသေးပေမယ့် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဘရူနို ဖာနန်ဒက်ဟာ မန်ယူအသင်းထံကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာမှ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် အသင်းမှာ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ပြီး သူပါဝင် ကစားခဲ့ရတဲ့ ပွဲစဉ်တွေတိုင်းမှာ ဂိုးဖန်တီးမှု အမြောက်အမြား ပြုလုပ်ပေးနိုင်ခဲ့သလို သွင်းဂိုးတွေလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express.com

ဒါ့ကြောင့်လည်း BBC Sports သတင်းဌာနက ရွေးချယ်တဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဘရူနိုဖာနန်ဒက်ဟာ အဆိုပါစာရင်း မှာ ပါဝင်တဲ့ တစ်ဦးတည်းသော မန်ယူအသင်းရဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက် ကို ရွေးချယ်ခဲ့မှုနဲ့ ပတ်သတ်ပြီး မန်ယူအသင်းရဲ့ ပရိသတ်တွေကိုယ်တိုင်က အံ့အားသင့်ခဲ့ရကာ တချို့ပရိသတ်တွေကတော့ ဖာနန်ဒက် အစား ဖရက်ဒ်ဟာ ပါသင့်တယ်လို့ သူတို့ရဲ့အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ ဖာနန်ဒက် ဟာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်မှာ ၅ပွဲသာ ပါဝင် ကစားပေးထားသူ ဖြစ်ပေမယ့် ၂ဂိုးသွင်း ၃ဂိုးဖန်တီး ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ထားခဲ့သူပါ။

Photo Credit: Express.com

BBC Sportsရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းဟာဆိုရင်တော့ ၄-၃-၃ ကစားကွက်ကို အခြေခံကာ ရွေးချယ်ထားတာ ဖြစ်ပြီး လီဗာပူး အသင်းမှ ကစားသမား ၇ ဦးအထိ ရွေးချယ်ခံခဲ့ရပြီး မန်စီးတီးအသင်းမှ ၂ဦး ၊ လက်စတာနဲ့ မန်ယူအသင်းတို့မှ ၁ဦးစီ ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ စပါးစတဲ့ အသင်းတွေရဲ့ ကစားသမားတွေတော့ ဒီအသင်းမှာ မပါဝင်ကြပါဘူး။ တစ်နှစ်တာ အကောင်းဆုံး အသင်းကို ဖော်ပြရရင်တော့ ဂိုးသမားနေရာမှာ အယ်လီဆင် ၊ နောက်တန်းလေးဦး နေရာမှာ အာနိုးလ် ၊ ဗန်ဒိုက် ၊ ဆိုရွန်ကူ ၊ ရော်ဘတ်ဆန် တို့ ရှိနေပြီး အလယ်တန်းသုံးဦး နေရာမှာတော့ ဟန်ဒါဆန် ၊ ဒီဘရိုင်း ၊ ဖာနန်ဒက်တို့ ပါဝင်ကြကာ ရှေ့တန်းသုံးဦးမှာတော့ အဂူရို ၊ ဆာလက် ၊ မာနေးတို့ ပါဝင်ခဲ့ကြပါတယ်။