ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာ တရုတ်စူပါလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဒေါင်းလူနင်အသင်းမှာ ကစားနေတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဖယ်လိုင်နီဟာ လက်ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ခံလိုက်ရပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ အသက် ၃၂ နှစ် အရွယ် ဖယ်လိုင်နီဟာ ရှန်ဒေါင်းလူနင်အသင်းနဲ့အတူ ကျန်းနင်ပြည်နယ်မှာ လေ့ကျင့်ခန်းဆင်းရာကနေ ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး သူဟာ ကျန်းနင်ပြည်နယ်ရဲ့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။
Photo Credit: Sky Sports.com
လက်ရှိမှာတော့ ဖယ်လိုင်နီက ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ ပထမဦးဆုံး တရုတ်စူပါလိဂ် ကစားသမားဖြစ်သွားခဲ့ပြီး သူ့ရဲ့ အခြေအနေကိုတော့ ရှန်ဒေါင်းလူနင်အသင်းကသာမက ကျန်းမာရေးဝန်ကြီးဌာနကပါ အသေးစိတ် လေ့လာ စောင့်ကြည့်နေတယ်လို့ တရုတ်သတင်းစာတွေက ဖော်ပြထားကြပါတယ်။ ဒါ့အပြင် ဖယ်လိုင်နီနဲ့အတူ လေ့ကျင့်ခန်းအတူတူ ဆင်းခဲ့ကြတဲ့ ရှန်ဒေါင်းလူနင်အသင်းရဲ့ ကစားသမားတေွ ၊ အသင်းဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကိုလည်း ကိုရိုနာဗိုင်းရပ် ရှိ ၊ မရှိကို စတင်ပြီး စမ်းသပ်စစ်ဆေး နေကြပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။
Photo Credit: Sky Sports.com
ဖယ်လိုင်နီဟာ ရှန်ဒေါင်းလူနင်အသင်းကို ရောက်ရှိတာဟာ နှစ်နှစ်နီးပါးသာ ရှိသေးပြီး သူ့ရဲ့ တရုတ်စူပါလိဂ် ပထမရာသီမှာတော့ အသင်းအတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပြီး ၁၃ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဖယ်လိုင်နီအတွက် အဲဗာတန်အသင်းနဲ့ မန်ယူအသင်း ပရိသတ်တွေက ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြသလို ဘောလုံးပရိသတ် အတော်များများကလည်း သူ့ရဲ့ လူမှုကွန်ယက် အကောင့်ကနေတဆင့် အားပေးစကားတွေ ပြောကြားခဲ့ကြောင်း ဥရောပအခြေစိုက် သတင်းစာတွေက ဖော်ပြထားကြပါတယ်။ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ ဖယ်လိုင်နီ…