စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် ကနေ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဆီ ရာသီဝက်အငှားနဲ့ လာရောက် ကစားနေတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ဂျာအိုဖီးလစ်က သူဟာ အငှားစာချုပ် ပြည့်သွားရင်လည်း ချယ်လ်ဆီးမှာပဲ ဆက်ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က ဆောင်းဈေးကွက် အတွင်းမှာ အက်သလက်တီကို မက်ဒရစ် ကနေ ချယ်လ်ဆီးထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို အငှားနဲ့ ခေါ်ယူစဉ်မှာ အပြီးသတ် ခေါ်ယူခွင့် မထည့်သွင်းထားပါဘူး။

Photo Credit: ESPN

ဒါကြောင့် ဂျာအို ဖီးလစ်က ရာသီကုန်ချိန်မှာ အက်သလက်တီကို မက်ဒရစ်ဆီ ပြန်သွားရမှာ ဖြစ်ပြီး လက်ရှိမှာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဂျာအို ဖီးလစ်ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဂျာအို ဖီးလစ်ကလည်း ချယ်လ်ဆီးမှာပဲ ဆက်ကစားချင်နေပါတယ်။

ဂျာအို ဖီးလစ်က ရာသီဝက် ကာလအတွင်းမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ကတော့ ဂျာအို ဖီးလစ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရခဲ့ရင် ဖီးလစ်ကို ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးမှာ ဆက်ကစားဖို့ စိတ်ကူးရှိကြောင်းကို ဂျာအို ဖီးလစ်က – “ကျွန်တော့်ရဲ့ အနာဂတ် အတွက် တိကျ သေချာတဲ့ အဖြေတခုကို မထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ချယ်လ်ဆီးမှာ ကစားခဲ့တဲ့ အချိန်တွေကို သဘောကျပါတယ်။ ကျွန်တော်က ချယ်လ်ဆီးမှာလည်း ဆက်ကစားချင်ပါတယ်။ ချယ်လ်ဆီးက ထိပ်တန်းအသင်း တသင်း ဖြစ်သလို အသင်းမှာ ရှိတဲ့ လူတိုင်းကလည်း ကျွန်တော့်အပေါ် ကောင်းကြပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ ချယ်လ်ဆီးက ဂျာအို ဖီးလစ်ကို အပြီးသတ် ခေါ်ဖို့ ၊ မခေါ်ဖို့ အတွက် တိကျတဲ့ ဆုံးဖြတ်ချက် တခု မချနိုင်သေးပဲ နည်းပြသစ် ဖြစ်လာမယ့် ပိုချက်တီနို တယောက် အသင်းဆီ တရားဝင် ရောက်လာပြီးမှသာ ဂျာအို ဖီးလစ်ရဲ့ အနာဂတ် အတွက် အဖြေထုတ်မယ်လို့ ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။