နာမည်ကြီး ဘောလုံးအေးဂျင့်တစ်ဦးဖြစ်တဲ့ ဂျော့မန်ဒက်စ်က သူကိုင်တွယ်နေတဲ့ ဘောလုံးသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လို့နေတဲ့ ပေါ်တူဂီ လူငယ်တိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်ကို အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ထိပ်တန်းကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ကစားချင်နေပြီး အီတလီအခြေစိုက် Calcio Mercato သတင်းမီဒီယာကနေ ဖော်ပြချက်တွေအရတော့ မန်စီးတီးအသင်းဆီ ဆက်သွယ်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဖီးလစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဘင်ဖီကာကနေ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၂၆)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီပြောင်းရွှေ့ကြေးဟာ အသက်လက်တီကိုအသင်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်ခဲ့သလို ဘောလုံးကမ္ဘာရဲ့ စတုတ္ထမြောက် အမြင့်မားဆုံး တန်ကြေးတစ်ရပ်လည်း ဖြစ်ခဲ့ရပါတယ်။ ဘင်ဖီကာ လူငယ်အသင်းကနေ စီနီယာအသင်းဆီ ရောက်ရှိလာချိန်မှာ အရမ်းကို တောက်ပခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ အသက်လက်တီကိုအသင်းနဲ့ ပထမရာသီအပြီးမှာပဲ သူ့အပေါ် မျှော်လင့်ထားကြတာတွေနဲ့ သွေဖယ်ခဲ့ပြီး ဒီရာသီမှာလည်း အသင်းအတွက် သွင်းဂိုးတွေ ရယူပေးဖို့ ရုန်းကန်လာခဲ့ရပါတယ်။

Photo Credit : Mirror

ဒီလို ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖီးလစ်ဟာ ဒီရာသီအတွင်းမှာလည်း သူရဲ့ပွဲကစားခွင့်တွေက အကန့်အသတ်တွေ ရှိလာခဲ့တဲ့အတွက် သူရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က ဖီးလစ်ကို စပိန်မြေက ထွက်ခွာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါတယ်။ Calcio Mercato သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေထဲမှာတော့ မန်ဒက်စ်ဟာ သူရဲ့ကစားသမား ဖီးလစ်ကို လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေတဲ့ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့စေချင်နေပြီး ဖီးလစ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လည်း မန်စီးတီးအသင်းဘက်ကို ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ပါ သိရှိရပါတယ်။ မန်စီးတီးနည်းပြဖြစ်တဲ့ ပတ်ဂွာဒီယိုလာကလည်း ဂျာအိုဖီးလစ်ရဲ့ ပရိသတ်တစ်ယောက် ဖြစ်တယ်လို့ ပြောဆိုထားခဲ့ဖူးသလို လက်ရှိ အသင်းမှာကလည်း တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် မန်ဒက်စ်ရဲ့ ဆက်သွယ်မှုကို စဉ်းစားဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းဟာ ဖီအိုရင်တီးနားရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ကိုသာ ဦးစားပေးအဖြစ်နဲ့သာ ပစ်မှတ်ထားနေတာ ဖြစ်သလို အေစီမီလန်ရဲ့ ရာဖယ်လီယာအိုကိုလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။