ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်ခါနီးမှာမှ လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် ကနေ လာလီဂါ ချန်ပီယံ ဘာစီလိုနာဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်က ဘာစီလိုနာ ပရိသတ်တွေရဲ့ သူ့ကို ဝမ်းပန်းတသာ ကြိုဆိုမှု အတွက် ပျော်ရွှင်မိသလို သူ့ရဲ့ ငယ်ဘဝ အိမ်မက်ဟာ ဘာစီလိုနာမှာ ကစားရဖို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ၂၀၁၉ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Forbes

အက်သလက်တီကို မက်ဒရစ်က ဂျာအို ဖီးလစ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူခဲ့ပေမယ့် ဂျာအို ဖီးလစ်က အခုချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသထားနိုင်သေးသလို အက်သလက်တီကို မက်ဒရစ် နည်းပြချုပ် ဆီမြွန်နီနဲ့လည်း ဆက်ဆံရေး အဆင်မပြေတာကြောင့် အက်သလက်တီကို မက်ဒရစ်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ သူ့ကို အသင်းပြောင်းခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တဖက်မှာတော့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ထိပ်တန်း ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ မခေါ်နိုင်သေးတဲ့ ဘာစီလိုနာက ဂျာအို ဖီးလစ်ကို တရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး ဘာစီလိုနာပရိသတ်တွေက ဂျာအို ဖီးလစ်ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ အဖွင့်ပွဲမှာ ဂျာအို ဖီးလစ်ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

Photo Credit: Forbes

ဒါကြောင့်ပဲ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂျာအို ဖီးလစ်က ဘာစီလိုနာပရိသတ်တွေရဲ့ တခဲနက် ကြိုဆို အားပေးမှု အတွက် အံ့အားသင့်ခဲ့ရသလို ဘာစီလိုနာမှာ ကစားရဖို့ဟာ ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက် တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ဂျာအို ဖီးလစ်က – “ဘာစီလိုနာပရိသတ်တွေက ကျွန်တော့်ကို တခဲနက် ကြိုဆိုခဲ့တာကြောင့် အတော်လေး အံ့အားသင့်ခဲ့ရပါတယ်။ သူတို့က ကျွန်တော့်ရဲ့ ငယ်ဘဝ အိမ်မက်ဟာ ဘာစီလိုနာမှာ ကစားဖို့ ဆိုတာကို သိထားကြလို့ အဲ့ဒီလို ကြိုဆိုခဲ့ကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်က ဘာစီလိုနာရဲ့ ဘယ်တောင်ပံမှာ ကစားဖို့ အဆင်သင့်ပါပဲ။ ဇာဗီကလည်း ကျွန်တော့်ကို အဲ့ဒီနေရာမှာ အသုံးပြုမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ် ဆုဖလားပါပဲ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။