စပိန်လာလီဂါ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဂရစ်ဇ်မန်းနဲ့ ဂျာအိုဖီးလစ်တို့ကို အလဲအထပ် ပြုလုပ်ဖို့ တရားဝင် ဆွေးနွေးနေကြကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ဆုံးရှုံးရပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နည်းပြကိုးမန်းရဲ့ စိတ်ကြိုက် ကစားသမား တဦးကို ထည့်သွင်းချင်နေတာကြောင့် ဂရစ်ဇ်မန်းနဲ့ ဂျာအိုဖီးလစ်တို့ကို အလဲအထပ် လုပ်မလား ဆိုပြီး စတင် ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

တဖက်မှာလည်း အက်သလက်တီကို မက်ဒရစ်အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ဘာစီလိုနာအသင်းရဲ့ ဂျာအိုဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းနဲ့ ဂျာအိုဖီးလစ်ကို အလဲအထပ် လုပ်ဖို့ ကမ်းလှမ်းလာချိန်မှာတော့ ဆွေးနွေးဖို့ လက်ခံခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဂရစ်ဇ်မန်းနဲ့ ဂျာအိုဖီးလစ်ကို အလဲအထပ် ပြုလုပ်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကာ နှစ်သင်းကြားမှာ ဆွေးနွေးမှုတွေဟာ တိုးတက်နေကြောင်း သိရပါတယ်။

Photo Credit: Marca

ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေကလည်း နာမည်ကြီး အေးဂျင့် ဂျော့စ်မန်ဒက်ဟာ ဂရစ်ဇ်မန်းနဲ့ ဂျာအိုဖီးလစ်တို့ရဲ့ အလဲအထပ် အမြန်ဆုံး ပြီးမြောက်အောင် ကြားဝင် ဆောင်ရွက်ပေးနေတယ်လို့ အတည်ပြု ပေးထားပြီး အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂျာအိုဖီးလစ်အတွက် ဂရစ်ဇ်မန်း + ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို တောင်းဆိုဖွယ် ရှိကြောင်း ယူဆရပါတယ်။