စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ ဂျာအိုဖီးလစ်က လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်က ၂၀၁၉ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sky Sports

ဂျာအိုဖီးလစ်က အက်သလက်တီကို မက်ဒရစ်ဆီ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူနဲ့ အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့ကာ ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း ဆီမြွန်နီက ဂျာအိုဖီးလစ်ကို ပုံမှန် ကစားခွင့် မပေးတော့ပါဘူး။

ဒါကြောင့်ပဲ ဂျာအိုဖီးလစ်က အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ကိုလည်း သူ့အတွက် အသင်းသစ် ရှာဖွေပေးဖို့ တောင်းဆိုထားကာ အက်သလက်တီကို မက်ဒရစ်ကလည်း အသင်းနဲ့ အံမဝင်တဲ့ ဂျာအိုဖီးလစ်ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ်က ဂျာအိုဖီးလစ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ဂျာအိုဖီးလစ်ကလည်း အသင်းသစ် တသင်းဆီ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ပြောင်းဖို့ ဆုံးဖြတ်ချက် ချထားကာ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ဂျာအိုဖီးလစ်ရဲ့ အသင်းသစ် ဖြစ်ဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အက်သလက်တီကို မက်ဒရစ်ကတော့ ဂျာအိုဖီးလစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် လိုချင်နေကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။