အက်သလက်တီကို နောက်ခံလူ ဖီလစ် မွန်တဲလ်ရိုကတော့ ယနေ့ည (၂း၃၀) အချိန် လီဗာပူးလ် အသင်းနဲ့ ကစားသွားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင်မှာ လီဗာပူးလ်အသင်းကို အနိုင်ရနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ ယနေ့ညမှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာ ဖြစ်ပြီး နောက်ခံလူ ဖီလစ်ကတော့ ဒီပွဲစဉ်က သာမန်ပွဲစဉ်ပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Football Espana

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဘဲ ထိပ်ဆုံးကနေ ဦးဆောင်နေတာ ဖြစ်ပေမဲ့ အက်သလက်တီကိုအသင်းကကျတော့ လာလီဂါ ဦးဆောင် ရီးရဲလ်အသင်းနဲ့ ရမှတ် (၁၃) မှတ် အကွာ အဆင့် (၄) နေရာမှာ ရပ်တည်နေပါတယ်။ အက်သလက်တီကိုအသင်းဟာ လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ရလဒ် ဆိုးရွားနေပေမဲ့လည်း နောက်ခံလူ ဖီလစ်ကတော့ လာလီဂါ ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲက လုံးဝ မတူတာကြောင့် အနိုင်ရနိုင်တယ်လို့ ပြောသွားလိုက်ပါတယ်။

Photo Credit: Football Espana

ဖီလစ် မွန်တဲလ်ရိုက “ဒီပွဲစဉ်က သာမန်ပွဲစဉ်ပါ။ သူတို့က ချန်ပီယံလိဂ် ရခဲ့တဲ့ အသင်း နဲ့ ကမ္ဘာ့ချန်ပီယံပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်ပဲ ကြည့်ရမှာပါ။ လာလီဂါ နဲ့ ချန်ပီယံလိဂ်ဟာ လုံးဝ ခြားနားတဲ့ ပြိုင်ပွဲပါ။ ကျွန်တော်တို့မှာ လီဗာပူးလ်ကို အနိုင်ရနိုင်တဲ့ အစွမ်းအစ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ပါတယ်။ ဗီဒီယိုတွေကို ကြည့်ပါတယ်။ သူတို့ရဲ့ အားနည်းချက် နဲ့ ကစားဟန်ကို ကြည့်ခဲ့ကြပါတယ်”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။