MySport Myanmar

ဗယ်လ်ဗာဒီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာဖို့ နီးစပ်နေပြီလို့ ဂျိုးကိုး ဆို

အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ဂျိုးကိုးက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရီးယဲလ်အတွက် အထူးခြေစွမ်းပြသွားခဲ့တဲ့ ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ချီးကျူးစကား ပြောဆိုခဲ့သလို ဗယ်လ်ဗာဒီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာဖို့ပါ အလွန် နီးစပ်နေပြီလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရီးယဲလ်ကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ ရီးယဲလ်က ဆဲလ်တစ်ကို (၅)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးယဲလ်အတွက် အတော်လေး ခြေစွမ်းပြနိုင်ခဲ့သလို အသင်းရဲ့ ပဉ္စမမြောက်ဂိုးကိုပါ သွင်းယူပေးသွားနိုင်ခဲ့တယ်။ ဥရုဂွေးလက်ရွေးစင် ကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ ဒီနှစ်ဘောလုံးရာသီမှာ မထင်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသလို့နေပြီး ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားပြီးချိန်မှာ (၈)ဂိုးအထိတောင် သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုလည်း (၄)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ကောင်းတွေ ပြသထားတဲ့ ဗယ်လ်ဗာဒီကို ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းကြီး ဂျိုးကိုးက မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တော့မယ်လို့ ချီးမွမ်းပြောကြားခဲ့ပါတယ်။

Photo Credit : Daily Mail

“သူက ဘယ်လင်ဟမ်နဲ့အတူ အကောင်းဆုံး လူငယ်ကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာကနေ ရှိနေပါတယ်။ နောက်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာဖို့လည်း နီးစပ်နေပါပြီ။ သူက box-to-box ကစားနိုင်တယ်။ ဂိုးတွေသွင်းတယ်။ နည်းစနစ်တကျလည်း ကစားနိုင်တယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း သူက လူမသိသူမသိ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ်။ အဲ့ဒီပွဲမှာ သူ အလွန် ထူးချွန်ခဲ့တယ်လို့ ကျွန်တော် ထင်မိတယ်။ သူက အသင်းကို မောင်းနှင်နိုင်တယ်။ အားပါ ပြင်းထန်လှတဲ့ ကန်ချက်တွေနဲ့ ဂိုးတွေ သွင်းယူတယ်။ သူက လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ကျွန်တော် မျှော်လင့်ထားတဲ့သူပါ။ ကတ်စီမီရို ကရူးစ် မိုဒရစ်တို့လို အရမ်းကောင်းတဲ့ ကွင်းလယ်လူတွေထဲ တိုးဝင်ဖို့ ခက်မယ်ဆိုတာကို သူသိထားခဲ့တယ်။ ဒီ ထိပ်တန်းကစားသမားတွေဆီကနေ သင်ယူမှုတွေ ပြုလုပ်ရင်း သူရဲ့အချိန်ကို စောင့်ဆိုင်းခဲ့တယ်။ လူတိုင်းဆီကနေ သင်ယူမှုတွေ လုပ်ဆောင်တယ်။ ဒီနှစ် သူရဲ့ မှတ်တမ်းတွေက မယုံနိုင်လောက်စရာပါပဲ။ သွင်းဂိုး ဂိုးဖန်တီးမှုတွေက တကယ့်ကို အံ့မခန်း မယုံနိုင်စရာတွေ။ ဒီနိုင်ငံမှာက ဘယ်လင်ဟမ်အကြောင်းကို အတော်လေး ပြောဆိုနေကြပေမယ့် ဗယ်လ်ဗာဒီက ဘယ်လင်ဟမ်ထက် နည်းနည်း ပိုကောင်းပါတယ်” လို့ ဂျိုးကိုးက သုံးသပ် ပြောဆိုလိုက်ပါတယ်။

Exit mobile version