ပူပူနွေးနွေး ယူရိုပါလိဂ်ချန်ပီယံ ဆီဗီးလားက သူတို့အသင်းအပေါ် တင်နေတဲ့ ကြွေးမြီတွေကို ပြန်ဆပ်နိုင်ဖို့ ရှိရင်းစွဲ ကစားသမား အားလုံးကို အရောင်းစာရင်း တင်လိုက်ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

ဆီဗီးလားက ပြီးခဲ့တဲ့ လာလီဂါဘောလုံးရာသီမှာ အဆင့်၁၂နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပေမယ့် သူတို့ရဲ့ အောင်မြေဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ ဂျူဗင်တပ် ၊ ရိုးမား စတဲ့ ထိပ်သီးအသင်းတွေကို ကျော်ဖြတ်ကာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဆီဗီးလားက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ပေါင် ၇.၆သန်းကို ဆုကြေး အဖြစ် လက်ခံ ရရှိခဲ့သလို ရုပ်သံလွှင့်ခတွေ ကနေ နောက်ထပ် ပေါင် ၁၅သန်း ဝန်းကျင် ထပ်ရခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲ တခုထဲကနေ စုစုပေါင်း ဝင်ငွေ ပေါင် ၂၀သန်းကျော် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဆီဗီးလားက ကိုဗစ်ကာလအတွင်းမှာ ချေးယူထားတဲ့ ချေးငွေတွေကို ပြန်မဆပ်နိုင်ခဲ့သလို ကြွေးမြီပိုင်ရှင်တွေက အမြန်ဆုံး အကြွေးတွေ ပြန်ဆပ်ဖို့ အသင်းကို ဖိအားပေးလာတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အားကိုးရတဲ့ ကစားသမားတွေကို ရောင်းထုတ်ကာ အကြွေးပြန်ဆပ်ဖို့ စီစဉ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆီဗီးလားက အခုချိန်မှာ အကြွေး ယူရို ၉၀သန်း အထိ ပေးချေရဖို့ ရှိနေပြီး အဆိုပါအကြွေးတွေကို ပြန်ပေးနိုင်ဖို့ အတွက် ဆီဗီးလားရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကစားသမားတွေ အားလုံးကို အရောင်းစာရင်း တင်လိုက်ကာ ကစားသမား ရောင်းချမှုကနေ ယူရို ၉၀သန်း ရှာဖွေနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဆီဗီးလားရဲ့ နံပါတ်တစ် ဂိုးသမား ဘိုနို ၊ အဓိက တောင်ပံကစားသမား အိုကန်ပို့စ် ၊ အဓိက တိုက်စစ်မှူး အန်နဆရီ စတဲ့ ကစားသမားတွေက ဥရောပ နာမည်ကြီးအသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားပြီး ဆီဗီးလားက အဆိုပါ ကစားသမား ၃ဦးစလုံးကို ရောင်းချဖြစ်ခဲ့ရင် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အထိ ရရှိနိုင်ပါတယ်။