စည်းကမ်းပိုင်းဆိုင်ရာ မလိုက်နာနိုင်မှု အားနည်းမှုတွေကြောင့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို စွန့်လွှတ်လိုက်ရတဲ့အပြင် အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့် မရှိခဲ့တဲ့ ပီယာအန်းမရစ်အူဘာမီယန်းရဲ့ အနာဂတ် အခြေအနေ ဝေဝါးခဲ့ရပေမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာတော့ အူဘာဟာ စပိန်နိုုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : FC Barcelona

ကလပ် ကစားသမားဘဝအတွင်း အေစီမီလန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပေမယ့် ပွဲကစားခွင့် မရှိပဲ ပြင်သစ်ကလပ်တွေမှာသာ အငှားထွက်ကစားရင်း နောက်ဆုံးမှာတော့ စိန့်အက်တီယန်ကို ရောက်ရှိခဲ့ပြီး အဲ့ဒီကတစ်ဆင့် ဒေါ့မွန် အာဆင်နယ်တို့ကို ဆက်တိုက်ပြောင်းရွှေ့ခဲ့ရင်းနဲ့ နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွှွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အူဘာမီယန်းဟာ ဘာစီလိုနာကို မရောက်လာခင် အာဆင်နယ်မှာ နောက်ဆုံးရာသီအဖြစ် ပါဝင်ကစားခဲ့စဉ်မှာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးဖို့ ရုန်းကန်ခဲ့ရသလို သူရဲ့အသင်းစည်းကမ်းပို်င်း မလိုက်နာနိုင်မှုကနေ အသင်းခေါင်းဆောင်ရာထူးရော ပွဲကစားခွင့်ပါ ဆုံးရှုံးလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ကစားသမားဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်တစ်ခုကို ရောက်ရှိခဲ့ရတဲ့ အူဘာဟာ အာဖရိကဖလားပွဲ မတိုင်ခင်မှာပဲ ကိုဗစ်ကူးစက်ခံခဲရသလို ကျန်းမာရေး အခြေအနေ စစ်ဆေးမှုကနေလည်း နှလုံးနဲ့ သက်ဆိုင်တဲ့ အပိုင်းမှာ အားနည်းနေသလိုမျိုးကို တွေ့ရှိခဲ့ရပြန်လို့ သူရဲ့ အနာဂတ်က ပိုမှေးမှိန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆောင်းစျေးကွက်ရဲ့ Deadline Day နောက်ဆုံးအချိန်မှာပဲ အူဘာမီယန်းဟာ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ကစားသမားဘဝကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ အခုဆိုရင်ပဲ အူဘာဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲအထိ ပါဝင်ထားနိုင်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၉)ဂိုးအထိကိုပင် အံ့အားသင့်စရာကောင်းအောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ လာလီဂါဘက်မှာလည်း (၇)ပွဲကစားထားတဲ့ အူဘာဟာ လာလီဂါသွင်းဂိုး (၇)ဂိုးထိကို သွင်းယူထားပြီး သူရဲ့တိုက်စစ်အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ အူဘာဟာ သူရဲ့ဒေါ့မွန်အသင်းဖော်ဟောင်း ဒမ်ဘီလီ သူလိုပဲ ဆောင်းစျေးကွက်ကမှ အသင်းကို ရောက်လာကြတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဖယ်ရန်တောရက်စ် အဒါမာထရာအိုရေးတို့နဲ့အတူ ဘာစီလိုနာတိုက်စစ်မှာ အကောင်းဆုံး စွမ်းဆောင်ပြရင်း အသင်းကို ယူရိုပါလိဂ်ဖလားနဲ့ လာလီဂါပြိုင်ပွဲအတွင်း အမြင့်မားဆုံး အဆင့်ရပ်တည်မှုထိ ရရှိအောင် အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနေပြီ ဖြစ်ပါတယ်။