စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ကျောနံပါတ်၁၀ ပိုင်ရှင်သစ် အန်ဆုဖာတီရဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ကစားသမားက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် နည်းလမ်းတွေကို စတင် ရှာဖွေနေကြောင်း ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ စွန့်ခွာသွားတဲ့ အသင်းရဲ့ ဂန္တဝင် ကစားသမား လီယွန်နယ် မက်ဆီရဲ့ ကျောနံပါတ်၁၀ကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်ပြီး အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။

Photo Credit: FC Barcelona

ဖာတီဟာ အသက် ၁၇နှစ်ထဲက ဘာစီလိုနာအသင်း အတွက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့သူ တဦး ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင်ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဂျူဗင်တပ် စတဲ့ အသင်းတွေက ဖာတီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘာစီလိုနာအသင်း ကတော့ သူတို့ရဲ့ ကစားသမား ဖြစ်သူ ဖာတီကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: FC Barcelona

ဒါပေမယ့် အန်ဆုဖာတီရဲ့ ရှုပ်ထွေးတဲ့ စာချုပ်ကြောင့် ဘာစီလိုနာအသင်းဟာ ဖာတီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေပြီး ဖာတီရဲ့ အေးဂျင့်တွေက သူတို့ရဲ့ ကစားသမားဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တယ်လို့ ယူဆနေကြကြောင်း နာမည်ကျော် စပိန် သတင်းထောက် စီဂွယ် ရိုဒရီဂွက်ဇ်က ဆိုပါတယ်။

ဘာစီလိုနာအသင်းနဲ့ အန်ဆုဖာတီတို့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာအသင်းက ဖာတီကို နောက်ထပ် ၂နှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် အချက်ကို စာချုပ်ချုပ်ဆိုရာမှာ ထည့်သွင်းခဲ့ပေမယ့် ဖာတီဟာ စာချုပ် ချုပ်ဆိုချိန်မှာ အသက်၁၈နှစ် မပြည့်သေးတဲ့ ကလေးသူငယ် အရွယ်သာ ရှိသေးတာကြောင့် ဖီဖာနဲ့ လာလီဂါပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ဘာစီလိုနာအသင်းဟာ ဖာတီကို နောက်ထပ် ၂နှစ် စာချုပ်သက်တမ်း တိုးခွင့် မပိုင်ဆိုင်ထားဘူးလို့ အန်ဆုဖာတီရဲ့ အေးဂျင့်တွေက ယုံကြည်နေတာပဲ ဖြစ်ပါတယ်။