စပိန်လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသက် ၁၇ နှစ် အရွယ် သာ ရှိသေးတဲ့ စပိန် လူငယ်ကြယ်ပွင့်လေး အန်ဆု ဖာတီ ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဆယ်တာဗီဂိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်း အတွက် သွင်းဂိုးတစ်ဂိုး သွင်းယူ ပေးခဲ့ အပြီးမှာတော့ ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တယ် လို့ သိရပါတယ်။ အဆိုပါ စံချိန်ဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ ဘယ်ကစားသမားမှ မရရှိဖူးတဲ့ စံချိန် တစ်ခု ဖြစ်ပြီး ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားလို့ ဆိုရမယ့် မက်ဆီတောင် မရရှိခဲ့ဘူး လို့ သိရပါတယ်။

 

Photo Credit: Marca

အဆိုပါ စံချိန်ကတော့ အသက် ၁၈ နှစ် မပြည့်သေးပဲနဲ့ လာလီဂါသွင်းဂိုး ၁၀ ဂိုး ပြည့်ခဲ့တဲ့ ဘာစီလိုနာ ကစားသမား ဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အန်ဆု ဖာတီ ဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦး ဖြစ်ပြီး အသက် ၁၇နှစ် အရွယ်သာ ရှိသေးပေမယ့် စပိန်လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားပေးနိုင်ခဲ့သလို ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၄ ပွဲအထိ ပါဝင် ကစားပေးနိုင်ခဲ့သူပါ။ ဖာတီဟာ ပြီးခဲ့တဲ့ ရာသီမှ စတင်ကာ ဘာစီလိုနာ အသင်းအတွက် စတင် ကစားပေးခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်း အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၈ ဂိုး သွင်းယူ ပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ယခုနှစ် ဘောလုံးရာသီ မှာတော့ အန်ဆု ဖာတီဟာ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ တာဆူနေပြီး အသင်းအတွက် လာလီဂါပွဲစဉ် နှစ်ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၃ဂိုး သွင်းယူ ပေးထားသလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးထား နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေ သာမက ဘောလုံး သုတေသီတွေကပါ အန်ဆု ဖာတီရဲ့ ခြေစွမ်းကို ချီးကျူး နေကြပြီး ဖာတီဟာ မက်ဆီ မရှိတော့တဲ့ အနာဂတ်မှာ ဘာစီလိုနာအသင်း ကို ထမ်းတင် ပေးမယ့်သူ ဖြစ်ကြောင်း သုံးသပ် ထားကြပါတယ်။ ဖာတီတစ်ယောက် ဘာစီလိုနာအသင်းမှာ မက်ဆီရဲ့ ခြေရာကို နင်းနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။