ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ဗီလာရီးရဲလ် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းဟာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်း နူးကမ့်မှာ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ လက်ရှိ ဘောလုံးရာသီ မစတင်မီမှာ နည်းပြသစ် အဖြစ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ကိုးမန်း ကို ခန့်အပ်ခဲ့သလို အဓိက ကစားသမား မက်ဆီရဲ့ အနာဂတ် မရေမရာ ဖြစ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဘာစီလိုနာ အသင်းရဲ့ လာလီဂါ အဖွင့်ပွဲစဉ်ကို စောင့်ကြည့်သူတွေ များပြား ခဲ့ပေမယ့် ဘာစီလိုနာ အသင်းကတော့ ခြေစွမ်းကောင်း တစ်ရပ်ကို ထုတ်ပြ သွားနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအတွက် ခြေစွမ်းပြ နိုင်ခဲ့တဲ့ ကစားသမား ကတော့ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ကစားသမားလေး အန်ဆု ဖာတီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးပေမယ့် ဖာတီဟာ ဘာစီလိုနာ အသင်းရဲ့ အနာဂတ် ဖြစ်လာမယ့် ကစားသမား အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ဗီလာရီးရဲလ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုး နှစ်ဂိုးကို ပွဲချိန် ၁၅မိနစ်နဲ့ ၁၉မိနစ်မှာ သွင်းယူ ပေးခဲ့သလို ပင်နယ်တီ တစ်ကြိမ် ရရှိအောင်လည်း စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖာတီဟာ အဆိုပါ ပွဲစဉ်မှာ Rating 9.7 အထိ ရရှိခဲ့ပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိ ခဲ့ပါသေးတယ်။ ဒါ့ကြောင့် အခုချိန်မှာတော့ အန်ဆုဖာတီဟာ မက်ဆီ မရှိတော့တဲ့ အနာဂတ်မှာ ဘာစီလိုနာ အသင်းကို ဦးဆောင် ပေးနိုင်မယ့်သူ ဖြစ်ကြောင်း ဘောလုံး သုတေသီတွေက ချီးကျူးနေကြပါတယ်။

Photo Credit: Goal

အထူးသဖြင့် အန်ဆုဖာတီဟာ မက်ဆီလိုမျိုး တစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းကို ရိုးရှင်းတဲ့ ကစားပုံနဲ့ ဖျက်ဆီးတတ်သူ ဖြစ်ပြီး ဗီလာရီးရဲလ် အသင်းနဲ့ ပွဲစဉ်မှာ မိနစ် ၇၀ သာ ကစားခွင့် ရခဲ့ပေမယ့် ဘောလုံး ပေးပို့မှု ၄၇ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ ၄၇ ကြိမ်ထဲက ၂၇ ကြိမ်ဟာ တစ်ဖက် အသင်းရဲ့ ဂိုးဧရိယာ အတွင်းမှာ ပေးပို့ခဲ့တဲ့ ဘောလုံး ပေးပို့မှုတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖာတီဟာ ဘာစီလိုနာ အသင်းရဲ့ တီကီတာကာ ကစားဟန်နဲ့ အသားကျနေသူ လို့ ပြောလို့ရပြီး ဂိုးပေါက် ကန်သွင်းမှု ၂ကြိမ်ကနေ သွင်းဂိုး ၂ဂိုး ရရှိခဲ့တာကလည်း သူ့ရဲ့ ဂိုးသွင်းတိကျမှုကို အတိုင်းသား ဖော်ပြ နေပါတယ်။ ဖာတီဟာ အခု အချိန်မှာ အသက် ၁၇နှစ်သာ ရှိသေးတာကြောင့် ယခုထက် များစွာ ပိုမို တိုးတက် လာဦးမှာ ဖြစ်ပြီး သူ လေးစား အားကျခဲ့ရတဲ့ လီယွန်နယ် မက်ဆီရဲ့ ခြေရာကို နင်းကာ ဘာစီလိုနာ အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို တစ်ချိန်မှာ ရယူနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့် သွားရမှာပါ။