MySport Myanmar

ဘရိုက်တန်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ကြိုးစားပေးသွားမယ်လို့ ဖာတီ ဆို

နွေဈေးကွက်ရဲ့ နောက်ဆုံးနေ့မှ ဘာစီလိုနာအသင်းကနေ ဘရိုက်တန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ စပိန် လူငယ် တိုက်စစ်မှူးလေး အန်ဆုဖာတီက သူ့အနေနဲ့ ဘရိုက်တန်အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကြိုးစားပေးသွားမယ်လို့ ကတိပြု ပြောဆိုလာခဲ့ပါတယ်။

နွေအပြောင်းအရွှေ့ရဲ့ Deadline Day မှာ ချယ်လ်ဆီး စပါးတို့လို အသင်းတွေနဲ့ သတင်းမွှေးနေရာကနေ မထင်မှတ်ပဲ ဘရိုက်တန်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဖာတီဟာ လာမယ့်တစ်ပတ် မန်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ဘရိုက်တန်အတွက် စတင် ကစားပေးရဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

လာမာစီယာ အကယ်ဒမီထွက် အသက် (၂၀)အရွယ် တိုက်စစ်ကစားသမားလေး ဖာတီဟာ ဘရိုက်တန်နဲ့အတူ ပရီးမီးယားလိဂ်လို အမှတ်ပေးပြိုင်ပွဲကြီးအပြင် ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ဆင်နွဲသွားရတော့မှာမို့ စိတ်လှုပ်ရှားနေပြီး အသင်းကိုလည်း အကောင်းဆုံး နေရာအထိ ပို့ဆောင်ပေးသွားချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော် ဘရိုက်တန်အသင်းမှာ တကယ်ကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်သွားချင်ပါတယ်။ အသင်းအတွက်ကိုလည်း တိုက်ပွဲဝင်သွားမှာပါ။ မနှစ်ကအတိုင်းပဲ ဥရောပဝင်ခွင့် ထပ်မံ ရရှိအောင် ကြိုးစားသွားပါမယ်။”

Photo Credit : Football Espana

“တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်သာ ရရှိခဲ့မယ်ဆိုရင်တော့ ဒါက ပိုပြီးကောင်းသွားလိမ့်မယ်။” လို့ ဖာတီက ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ်မှာ (၄)ပွဲကစားထားပြီးချိန် (၃)ပွဲနိုင် (၁)ပွဲရှုံးနဲ့ ရမှတ် (၉)မှတ်အထိ ရရှိထားကာ လာမယ့် (၁၆)ရက်နေ့မှာပဲ မန်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။

ဘရိုက်တန်အသင်းက ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၆)နေရာ ရပ်တည်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး ယူရိုပါလိဂ် အုပ်စုအဆင့်မှာလည်း အေဂျက်စ် မာဆေးလ် အေအီးကေအေသင်အသင်းတို့နဲ့ အုပ်စုကျပ်ထဲမှာ အတူကျရောက်နေရပါတယ်။

Exit mobile version