စပိန် လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသက် ၁၇ နှစ် အရွယ် သာ ရှိသေးတဲ့ လူငယ် ကြယ်ပွင့်လေး အန်ဆု ဖာတီ ကတော့ အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ တွဲကစား နေရတာဟာ အိမ်မက်ထဲမှာ နေထိုင် နေရတာနဲ့ အလား သဏ္ဏာန်တူတယ် လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ဖာတီနဲ့ မက်ဆီတို့ဟာ ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဘာစီလိုနာ အသင်းနဲ့ ဗီလာရီးရဲလ် အသင်းတို့ရဲ့ ပွဲစဉ်မှာ အတူတကွ ပွဲထွက်ခွင့် ရရှိကြသူတွေ ဖြစ်ပြီး ကိုယ်စီ ကိုယ်စီ သွင်းဂိုးတွေ သွင်းယူ နိုင်ခဲ့ကြပါတယ်။ အဆိုပါ ပွဲမှာတော့ ဘာစီလိုနာ အသင်းဟာ ဧည့်သည် ဗီလာရီးရဲလ် အသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းက ဗီလာရီးရဲလ် အသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဖာတီဟာ အကောင်းဆုံး ခြေစွမ်း ပြသွားနိုင်ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူ နိုင်ခဲ့သလို မက်ဆီ သွင်းယူခဲ့တဲ့ ပင်နယ်တီ သွင်းဂိုးမှာလည်း ပင်နယ်တီ ရရှိအောင် ကြိုးစား ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲစဉ် ပြီးဆုံး သွားတဲ့ အချိန်မှာတော့ ဖာတီဟာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို လက်ခံ ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဥ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ဖာတီက မက်ဆီနဲ့ အတူ တွဲဖက် ကစားရတာဟာ သူ့အတွက် အိမ်မက် တစ်ခုထဲမှာ နေထိုင်ရသလို ခံစားနေရပြီး မက်ဆီဟာ သူ့ကို နေ့တိုင်းမှာ အကြံဉာဏ်ကောင်းတွေ ပေးလေ့ ရှိတယ်လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီနဲ့ တွဲကစားရတဲ့ အပေါ် ဖာတီက ” မက်ဆီနဲ့ တွဲကစားဖို့ဟာ ကျွန်တော် ငယ်ငယ်ထဲက မက်ခဲ့ရတဲ့ အိမ်မက် တစ်ခုပါ။ အခုဆိုရင်တော့ ကျွန်တော်က အိမ်မက်ထဲမှာ နေထိုင် နေရပြီပေါ့။ သူက ကျွန်တော့်ကို အကြံဉာဏ်ကောင်းတွေ အမြဲတမ်း ပေးလေ့ရှိပြီး ကွင်းထဲမှာရော လေ့ကျင့်ရေးကွင်း မှာပါ ကျွန်တော့်ကို အများကြီး ကူညီပေးပါတယ်။ ပြီးတော့ အပြင်မှာလည်း ကျွန်တော့်ကို ကူညီလေ့ ရှိပါတယ်။ ဒါက ကျွန်တော့်ကို ပျော်ရွှင်စေတဲ့ အရာတစ်ခုပါ။ ကျွန်တော်က နေ့ရက်တိုင်းမှာ တိုးတက် ချင်ပါတယ်။ ပြီးတော့ ကျွန်တော့် အသင်းဖော်တွေဆီ ကနေ အများကြီး သင်ယူလေ့လာ နေပါတယ်။ သူတို့ကလည်း နေ့တိုင်းမှာ ကျွန်တော့်ကို ကူညီဖို့ ကြိုးစားနေတဲ့ သူတွေပါ ” ဆိုပြီး ပြောပြ သွားတာလည်း ဖြစ်ပါတယ်။