စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီနဲ့ တက်သစ်စ လူငယ် ကြယ်ပွင့် ဖာတီတို့ဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲ မှာ သွင်းဂိုးတွေ အသီးသီး သွင်းယူနိုင်ခဲ့ကြသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စံချိန်သစ်တွေလည်း တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဖီရန်ဗာရို့စ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပြီး မက်ဆီ ၊ ဖာတီ ၊ ကော်တင်ဟိုတို့ရဲ့ ခြေစွမ်းပြသမှုနဲ့ အတူ ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ် အဖွင့်လှခဲ့ပါတယ်။

Photo Credit: Euro Sports

နူးကမ့်ကွင်းကြီးထဲမှာ ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်မှာ နှစ်သင်းကြား ခြေစွမ်းကွာဟမှုဟာ အတော်လေးကို ကြီးမားခဲ့ပြီး ဘာစီလိုနာ အသင်းဟာ ဖီရန်ဗာရို့စ်အသင်းကို တစ်ဖက်သတ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ပွဲရဲ့ အဖွင့်ဂိုးကို ပွဲကစားချိန် ၂ရမိနစ်မှာပဲ စတင် ရရှိခဲ့ပြီး မက်ဆီက ပင်နယ်တီကနေ တဆင့် သွင်းယူ ပေးခဲ့ပါတယ်။ ပွဲကစားချိန် ၄၂မိနစ်မှာတော့ လူငယ်ကြယ်ပွင့် ဖာတီက အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ ပထမပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိနေခဲ့ပါတယ်။

Photo Credit: Euro Sports

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာအသင်းကသာ ပွဲကို ဆက်လက် ဦးဆောင် ကစားခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်မှာ ကော်တင်ဟိုက တတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် ရဝမိနစ်မှာတော့ ဖီရန်ဗာရို့စ် အသင်းဟာ ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့ပြီး ကွင်းလယ်လူ ခရာတန်က ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဖီရန်ဗာရို့စ် အသင်းရဲ့ ခြေစွမ်းဟာ ဘာစီလိုနာအသင်းဆီ ကနေ သရေတစ်မှတ် ခွဲယူနိုင်မယ့် အနေအထားအထိ မရောက်ခဲ့ပဲ ပွဲချိန် ၈၂မိနစ်နဲ့ ၈၉မိနစ်တွေ မှာတော့ ဘာစီလိုနာ အသင်းဟာ ဦးဆောင်ဂိုးတွေ ထပ်မံ ရရှိခဲ့ပြီး ပီဒရီနဲ့ ဒမ်ဘီလီတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Euro Sports

အဆိုပါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ မက်ဆီဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၆ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာ အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ် ကြယ်ပွင့် ဖာတီဟာလည်း ချန်ပီယံလိဂ် သွင်းဂိုးနှစ်ဂိုး ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့သေးကြောင်း သိရပါတယ်။