စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ တက်သစ်စ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ အန်ဆုဖာတီဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ရီးရဲလ်ဘက်တစ် အသင်းနဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဝင်ရောက် ကစားပေးရင်း ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ခွဲစိတ်မှု ပြုလုပ်ရတော့မှာ ဖြစ်သလို ကာလရှည်လည်း အနားယူရတော့မှာ ဖြစ်ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ယမန်နေ့ညမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ အိမ်ကွင်း နူးကမ့်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ၅-၂ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင် ရရှိခဲ့ပါတယ်။

Photo Credit: AS English

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေး ဖာတီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနိုင်နေသူ ဖြစ်ကာ အသင်းအတွက် လာလီဂါမှာ ၇ပွဲ ပါဝင် ကစားထားရာ ၄ဂိုး သွင်းယူထားပြီး ၁ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက ဖာတီကို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာ ပေးခဲ့တာ ဖြစ်ပြီး ယခုလို ဖာတီ တစ်ယောက် ဒဏ်ရာ ရရှိသွားတားဟာ သူ့အတွက်ရော ဘာစီလိုနာ အသင်းအတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

Photo Credit: AS English

စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖာတီဟာ ဘက်တစ်အသင်းနဲ့ ပထမပိုင်း ပြီးဆုံးကာနီးမှာ ဘယ်ဘက် ဒူးခေါင်း ဒဏ်ရာ ရရှိသွားတာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်တဲ့ အချိန်မှာ ဒဏ်ရာဟာ ပြင်းထန်နေတာကြောင့် ခွဲစိတ်မှု ခံယူရမယ်လို့ သိရပါတယ်။ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေ ကတော့ ဖာတီရဲ့ ဒဏ်ရာဟာ သေးငယ်ပေမယ့် ဘာစီလိုနာ အသင်းဟာ အနာဂတ်မှာ အဆိုပါ ဒဏ်ရာမျိုး ထပ်မံ မရရှိအောင် ဖာတီရဲ့ ဒဏ်ရာကို ခွဲစိတ် ပေးတာ ဖြစ်ပြီး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ရင်တောင် ဖာတီဟာ ယခုနှစ် အတွင်းမှာ ဘာစီလိုနာ အသင်း အတွက် ထပ်မံ ကစားပေးနိုင်တော့မှာ မဟုတ်ပဲ ၂၀၂၁ ခုနှစ် ရောက်မှသာ ပြန်လည် ကစားပေးနိုင်မှာ ဖြစ်ကြောင်း ဖော်ပြ ထားကြပါတယ်။