စပိန် လာလီဂါ ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် ဖာတီဟာ ယခုနှစ်မှာ ထုတ်ဝေတဲ့ ဂင်းနစ်စံချိန် စာအုပ်ထဲမှာ ပါဝင်လာတယ် လို့ သိရှိ ရပါတယ်။ ဂင်းနစ်စံချိန် ဆိုတာဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူအများစု မလုပ်ဆောင်နိုင်တဲ့ အရာတွေကို လုပ်ဆောင် ပြခဲ့တဲ့ လူတွေရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်တဲ့ အရာတစ်ခုဖြစ်ပြီး ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်း တင်ခံရတယ် ဆိုတာဟာ အတော်လေး ဂုဏ်ယူစရာ ကောင်းတဲ့ အရာတစ်ခုပါ။ အခုချိန်မှာတော့ ဖာတီဟာ အသက် ၁၇နှစ် အရွယ်မှာပဲ ဂင်းနစ်စံချိန် တစ်ခုကို ရယူနိုင်ခဲ့ပါပြီ။

Photo Credit: Barca Universal

ဖာတီ ရရှိခဲ့တဲ့ ဂင်းနစ်စံချိန် ကတော့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးနဲ့ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ ဖာတီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘာစီလိုနာအသင်းက အင်တာမီလန်အသင်းကို ၂ဂိုး ၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး ချန်ပီယံလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးကို သွင်းယူချိန်မှာ ဖာတီဟာ အသက် ၁၇နှစ်နဲ့ ၄ဝရက်သာ ရှိသေးတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမားဆိုတဲ့ ဂင်းနစ်စံချိန် တစ်ခုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Barca Universal

ဖာတီဟာ အသက်၁၇နှစ် အရွယ်သာ ရှိသေးပေမယ့် လက်ရှိ ဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြထားနိုင်ပြီး အသင်းအတွက် လာလီဂါပွဲစဉ် ၃ပွဲအထိ ပါဝင် ကစားပေး ထားရာမှာ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဖာတီဟာ အနာဂတ် မှာ ဘာစီလိုနာအသင်းရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေသလို ဘာစီလိုနာအသင်းကလည်း သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မက်ဆီအနေနဲ့ အသင်းကို စွန့်ခွာသွားတဲ့ အချိန်မှာ ဖာတီဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ် လို့ ယုံကြည်ထားပါတယ်။