ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ်အပြတ်အသတ်နဲ့ ဦးဆောင်လို့နေတဲ့ လီဗာပူးလ်အသင်းက မနေ့ညက ကစားသွားခဲ့တဲ့ နော်ဝစ်ချ်အသင်းနဲဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ အိမ်ရှင်နော်ဝစ်ချ်အသင်းရဲ့ခံစစ်ကစားပုံကြောင့် သွင်းဂိုးရရှိအောင် ရုန်းကန်ခဲ့ရပြီး ရ၈မိနစ်မှာ လူစားဝင်လာခဲဲ့တဲ့ ဆာဒီယိုမာနေးက အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ကာ နိုင်ပွဲဆက်ခဲ့ရပါတယ်။ ဒါပေမယ့် မာနေးရဲ့အနိုင်ဂိုးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ အငြင်းပွားမှုတွေ ရှိနေခဲ့ပြီး ပရိသတ်တချို့ကတော့ ဒီဂိုးဟာ ခွင့်ပြုမပေးသင့်ဘူးလို့ ဝေဖန်ပြောဆိုလာခဲ့ကြပါတယ်။

Photo Credit : Getty Images

ဆီနီဂေါတိုက်စစ်ကစားသမား မာနေးဟာ ဝုလ်ဗ်နဲဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့လို့ အသင်းနဲ့အတူ ပြိုင်ပွဲစုံ(၄)ပွဲအထိ လွဲချော်ခဲ့ပြီး မနေ့ညက နော်ဝစ်ချ်နဲ့ပွဲကြမှ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ကာ ပြန်လည်ပါဝင်လာချိန်မှာပဲ အသင်းအတွက် အရေးပါလှတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုပါ သွင်းယူပေးသွားခဲ့ပါတယ်။ ဒါပေမယ့် မာနေးဟာ သူရဲဲ့သွင်းဂိုးကို မသွင်းယူခင်မှာ သူရဲ့ဘေးနားမှာ သူ့ကိုထိန်းချုပ်ဖို့ရှိနေတဲ့ နော်ဝစ်ချ်ခံစစ်ကစားသမား ဇင်မာမန်းကို တွန်းထုတ်ခဲ့ပြီး ဇင်မာမန်းမှာလည်း လှဲကျသွားခဲ့တာကို ဗီဒီယိုရုပ်သံတွေကနေ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒါကြောင့်မို့ ဒီဖြစ်ရပ်အပေါ်မှာ ဗီဒီယိုအကူဒိုင်တွေအနေနဲ့ ဗီဒီယိုရုပ်သံတွေကို အသေအချာလေး ပြန်လည်စစ်ဆေးသင့်ပြီး သေချာပေါက် Foul ပေးရမယ့် အနေအထားဖြစ်နေသလို သွင်းဂိုးကိုလည်း ပြန်လည်ပယ်ဖျက်သင့်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့်လည်း မာနေးရဲ့သွင်းဂိုးကတော့ VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပေမယ့်လည်း ဗီဒီယိုအခန်းထဲက ဒိုင်လူကြီးကတော့ သွင်းဂိုးအဖြစ်သာ သတ်မှတ်ခဲ့သလို ဒီဂိုးနဲ့ပဲ လီဗာပူးလ်လည်း နိုင်ပွဲဆက်သွားခဲ့ရပြီး မာနေးမှာလည်း သူရဲ့ပရီးမီးယားလိဂ်သွင်းဂိုးရာပြည့်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တချို့ကတော့ ပြိုင်ဘက်အသင်းတွေဘက်ကနေ လီဗာပူးလ်ကစားသမားတွေကို ပြစ်ဒဏ်ကျူးလွန်မိပြီးမှ သွင်းဂိုးရယူခဲ့လို့ VAR ကြည့်ပြီး ဂိုးပယ်ဖျက်ခံခဲ့ရတဲ့ အရင်ဖြစ်ရပ်တွေနဲ့ ခိုင်းနှိုင်းပြောဆိုလာခဲ့ပါတယ်။ ပရိသတ်များစွာကတော့ လီဗာပူးလ်အသင်းဟာ VAR ရဲဲ့အကူအညီတွေကို များစွာကိုရရှိထားနေပြီး LiVARpool အသင်းလို့ပါ လှောင်ပြောင်အခေါ်ခံနေရပါတယ်။