စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက လက်ရှိအချိန်ထိ ဘောလုံးနည်းပြနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးတဲ့ ပိုချက်တီနိုက မကြာသေးခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမျာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ထပ်မံရောက်ရှိလာဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သူနဲ့ကြားမှာ သတင်းတွေက ပိုမိုလှုပ်ခတ်လာခဲ့ရပြီး ယူနိုက်တက်အသင်းရဲ့ပရိသတ်ပေါင်းများစွာကလည်း ပိုချက်တီနိုဟာ ယူနိုက်တက်နည်းပြဖြစ်လာဖို့အတွက် မွေးဖွားလာခဲ့သူလို့ပါ တင်စားပြောဆိုလာခဲ့ကြပါတယ်။

Photo Credit : Goal.com

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ အက်စပန်ညို ဆောက်သမ်တန်နဲ့ စပါးအသင်းတွေမှာ နည်းပြအဖြစ်နဲ့ ကိုင်တွယ်ခဲ့ဖူးပြီး အက်စပန်ညိုကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို ဆောက်သမ်တန်ကို သူကိုင်တွယ်နေချိန်အတွင်းမှာလည်း အသင်းကို ကစားသမားကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် စပါးကို ရောက်လာချိန်မှာလည်း ပိုချက်တီနိုကို စပါးက နှစ်တိုင်နီးပါး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ရော ချန်ပီယံလိဂ်ဖိုင်နယ်ကိုပါ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီရာသီမှာ ရလဒ်တွေဆိုးလွန်းခဲ့လို့သာ အသင်းကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။

Photo Credit : Football.London

အသက်၄၇နှစ်သာရှိသေးတဲ့ ပိုချက်တီနိုကို စပါးနည်းအဖြစ် မြင်တွေ့နေချိန်အတွင်းမှာပဲ ဥရောပအသင်းပေါင်းများစွာက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို ၃ဂိုး၁ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲအပြီးမှာပဲ ယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားကိုထုတ်ပယ်ပြီး ပိုချက်တီနိုကို အစားထိုးခန့်အပ်သင့်တယ်လို့ တောင်းဆိုလာခဲ့သလို အခုလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာဖို့ဆန္ဒရှိတယ်လို့ ပိုချက်တီနိုဘက်ကနေ ထုတ်ဖော်ပြောဆိုလာချိန်မှာလည်း အသင်းအနေနဲ့ ပိုချက်တီနိုကို သေချာပေါက်ခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ပရိသတ်တွေဘက်ကနေ တောင်းဆိုလာခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ရာသီအကုန်မှာ ဆိုးလ်ရှားကနေ ရာထူးကနေ ဖယ်ရှားပြီး ပိုချက်တီနိုကို အစားထိုးခန့်အပ်သင့်တယ်လို့ တိုက်တွန်းတောင်းဆိုနေကြသလို ပိုချက်တီနိုက ယူနိုက်တက်နည်းပြနဲ့ အသင့်တော်ဆုံးသူလို့လည်း သတ်မှတ်နေကြလျက်ရှိပါတယ်။