ဥရောပဘောလုံးရပ်ဝန်းရဲ့ ရာသီဝက် အပြောင်းအရွှေ့ဖြစ်တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကတော့ ယနေ့မနက် ၅နာရီအချိန်မှာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာတော့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ အပြောင်းအရွှေ့တွေ ဖြစ်ပေါ်ခဲ့သလို မမျှော်လင့်ထားတဲ့ အပြောင်းအရွှေ့တွေလဲ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းသစ် ကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေထဲမှာမှ စောင့်ကြည့်သွားသင့့်တဲ့ ကစားသမား သုံးဦး အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Premier League.com

ဘာ့ချ်ဝင့်

နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းမှ လန်ဒန်အခြေစိုက် အသင်းကြီးတစ်သင်းဖြစ်တဲ့ စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဘာ့ချ်ဝင့် ဟာ နယ်သာလန်လက်ရွေးစင်ရဲ့ အနာဂတ် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။ လက်ရှိဘောလုံးရာသီမှာ ပီအက်စ်ဗွီအသင်း အတွက် ၁၆ပွဲပါဝင်ကစားပေးထားရာမှာ ၅ဂိုး သွင်းယူကာ ၁၀ဂိုးအထိ ဖန်တီးပေးထားနိုင်တဲ့ အနေအထားကြောင့် သူ့ရဲ့တိုက်စစ်ပိုင်း စွမ်းဆောင်ရည်က စောင့်ကြည့်ချင်စရာကောင်းလှပါတယ်။ ဟယ်ရီကိန်းဒဏ်ရာရနေချိန် စပါးရဲ့ အားကိုးတကြီးခေါ်ယူမှုကို ရရှိထားတဲ့ ဘာ့ချ်ဝင့်တစ်ယောက် ဘာတွေစွမ်းဆောင်ပြမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Photo Credit: Premier League.com

ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ပြီးခဲ့တဲ့နွေရာသီမှာကတည်းက ထွက်နေခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ယခုမှသာ အသင်းထံကို အမှန်တကယ်ရောက်ရှိခဲ့တာပါ​။ ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက် ရရှိထားတဲ့ ကစားသမားရဲ့ ခြေစွမ်းကို ပရီးမီးယားလိဂ်က မကြာခင်မှာပဲ စမ်းသပ်တော့မှာပါ။ ဖာနန်ဒက်စ်ရဲ့ အရှေ့မှာ မော်တင်ဟို ၊ နီဗက်စ် ၊ ဘာနာဒိုဆေးလ်ဗားစတဲ့ ပေါ်တူဂီကွင်းလယ်လူတွေက ပရီးမီးယားလိဂ် မှာ ခြေစွမ်းပြထားနိုင်တာကြောင့် ဖာနန်ဒက်စ် အနေနဲ့လည်း ခြေစွမ်းပြဖို့ မခက်လောက်ပါဘူး။

Photo Credit: Talksport.com

အဲရစ်ဆင်

စပါးအသင်းကနေ ရီးရဲလ်ကိုပဲ ပြောင်းမလိုလို ၊ ယူနိုက်တက်ကိုပဲ ပြောင်းမလိုလို ၊ ဂျူဗီကိုပဲ ပြောင်းတော့မလိုလို ဖြစ်ခဲ့တဲ့ အဲရစ်ဆင်ဟာ ကွန်တီရဲ့လက်အောက်မှာ အင်တာမီလန်ကို တစ်ကျော့ပြန် စီးရီးအေဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတဲ့ အချက်ကို ပရိသတ် တွေက စိတ်ဝင်စားနေကြပါတယ်။ စပါးအသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြထားတဲ့ အဲရစ်ဆင်တစ်ယောက် စီးရီးအေပြိုင်ပွဲမှာ ဘယ်လိုတွေခြေစွမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်သွားသင့်ပါတယ်။