MySport Myanmar

ခြေစစ်ပွဲရဲ့ ဂိုးသွင်းဘုရင် လူကာကူကို ပြန်ခေါ်ပေးဖို့ ချယ်လ်ဆီးပရိသတ်များ တောင်းဆို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အမာခံ ပရိသတ် တချို့က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ ၅-၀ အဇာဘိုင်ဂျန် ပွဲစဉ်မှာ တဦးထဲ ၄ဂိုး သွင်းကာ ၂၀၂၄ ယူရိုခြေစစ်ပွဲရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ သူတို့ရဲ့ တိုက်စစ်မှူး ရိုမီလု လူကာကူကို ရာသီကုန်ချိန်မှာ အသင်းဆီ ပြန်လာဖို့ တောင်းဆိုနေကြကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ချယ်လ်ဆီးကနေ ရိုးမားထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေသူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

လူကာကူက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် မပြောသင့်တဲ့ စကားတွေ ပြောမိခဲ့တာကြောင့် ချယ်လ်ဆီးတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ကာ အခြားအသင်းတွေဆီ အငှားတွေနဲ့ ပြောင်းရွှေ့ ကစားနေရတာလည်း ဖြစ်ပါတယ်။

Photo Credit: Bein Sports

လူကာကူက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသင်းသစ် ရှာဖွေဖို့ ရုန်းကန်ခဲ့ရပေမယ့် ဆရာဟောင်း မော်ရင်ဟို ရှိနေတဲ့ ရိုးမားဆီ ရောက်ရှိချိန်မှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး သူက ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် လူကာကူက ဘယ်လ်ဂျီယံနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အတော်လေး တောက်ပနေပြီး သူက ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူကာ ခြေစစ်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

လူကာကူက ယူရို ၂၀၂၄ခြေစစ်ပွဲရဲ့ ဂိုးသွင်းဘုရင် ဖြစ်သွားပြီးနောက် ချယ်လ်ဆီးပရိသတ်တွေက လူကာကူရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြပြီး ရိုးမားနဲ့ အငှားစာချုပ် ပြည့်သွားရင် သူတို့အသင်းဆီ ပြန်လာဖို့လည်း လူမှုကွန်ယက်မှာ တောင်းဆိုနေကြပါတယ်။

ချယ်လ်ဆီးပရိသတ်တွေက “လူကာကူ ပြန်လာပြီကွ” ၊ “လူကာကူအစစ် ပြန်လာပြီ ၊ ချယ်လ်ဆီးက သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေဖို့ မျှော်လင့်တယ်” ၊ “ဇန်နဝါရီမှာပဲ လူကာကူကို အသင်းဆီ ပြန်ခေါ်လိုက်တော့” စတဲ့ မှတ်ချက်တွေ ပေးကာ လူကာကူကို ပြန်ခေါ်ပေးဖို့ ချယ်လ်ဆီးဆီ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။

Exit mobile version